သူရဲကောင်းဆိုတာ… အခန်း (၅) ၊ ဒုတိယပိုင်း

Daniel Kane

စကားချပ်၊       ၊စာရှုသူများအနေနှင့် ယခုအပိုင်းတွင် (၁၉၅၂) ခုနှစ်အတွင်း ၀က်စ်ပွိုင့်စစ်တက္ကသိုလ်၏ပညာသင်
ကြားရေးစနစ်အား ထိတွေ့ခွင့်ရရှိကြမည်ဖြစ်ပါသည်။ အတော်ဆုံးဆိုသော ကျောင်းသားများကို
အဆင့်ဆင့်စိစစ်ရွေးချယ်ပြီးမှ လက်ခံလေ့ကျင့်သင်ကြားပေးသော ၀က်စ်ပွိုင့်တက္ကသိုလ်၏ (စာပေ)
ပညာရေးသက်သက်သည်ပင် အမေရိကန်တက္ကသိုလ်များတွင် ထိုအချိန်ကစနစ်သည်ပင် ယနေ့မြန်မာ
စစ်တက္ကသိုလ်ထက်အဆပေါင်းများစွာ ကောင်းမွန်လှပါသည်။ ယနေ့ဝက်စ်ပွိုင့်စစ်တက္ကသိုလ်မှာမူ
ယခင်ထက်စာလျှင် အပြောင်းအလဲနှင့် တိုးတက်မှုများရှိနေမည်ဖြစ်သည်။

မြန်မာစစ်တက္ကသိုလ်တွင် နောက်သလိုပြောင်သလိုပြောကြာသောစကားတခွန်းရှိပါသည်။ ၄င်းမှာ…
ညကျက်မနက်ဖြေ DSA
ဟူသတတ်။ ထိုစကားအားဟုတ်ပါသည်ဟု ထောက်ခံကြသူများမှာလည်း
ဒုနဲ့ဒေးပင်။ စစ်အရာရှိများ ပညာမတတ်သောအခါ အမှားအမှန်မခွဲခြားတတ်တော့ပဲ မိမိနှင့်မအပ်စပ်
သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် စီးပွားရေးတို့တွင် ၀င်စွက်၍ နိုင်ငံနှင့်ပြည်သူ
ကိုရော၊ စစ်တပ်ကိုပါ ဖျက်ဆီးလေတော့၏။ ပြည်ပစစ်တပ်များနှင့်ရင်ဆိုင်ရလျှင်လည်း ဂနို
ကျနေသော ခွေးနာကဲ့သို့ ကုပ်ချောင်းချောင်းနှင့် အမြီးကုပ်၍ ငြိမ်နေတော့သည်။

ယခင်မြန်မာဒု-စစ်ဦးစီးချုပ်မောင်အေး၊ လက်ရှိမြန်မာသမ္မတဦးသိန်းစိန်၊ ဒုသမ္မတ တင်အောင်မြင့်ဦး၊ ကက်ဘိနက်အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်းအစိုးရအဖွဲ့ဝင်များအပါအ၀င်နှင့် ယနေ့မြန်မာ
စစ်တပ်ကို ဦးဆောင်နေသော မင်းအောင်လှိုင်မှစ၍ အဓိကကျသော ရာထူးအဆင့်ဆင့်များကို
ရယူထားသော စစ်အရာရှိများအများစုမှာ မြန်မာစစ်တက္ကသိုလ်ဆင်းများ ဖြစ်ကြပါသည်။ ဂိုဏ်း
စတားဆန်ဆန် လက်နက်အားကိုးဖြင့် စစ်တပ်နှင့်လားလားမှမအပ်စပ်သော နိုင်ငံအုပ်ချုပ်ရေး၊
ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့တွင် ၀င်ရောက်ခြယ်လှယ် ကြီးစိုးနေကြသော်လည်း သမ္မတ
ဦးသိန်းစိန်မှစ၍ ၄င်းတို့အနက်အားလုံးနီးပါးမှ အင်္ဂလိပ်လိုပင် ကျွမ်းကျင်စွာမပြောဆိုနိုင်ကြပေ။
မကြာမီကအကျယ်ချုပ်မှလွတ်လာသော ၀န်ကြီးချုပ်ဟောင်း ခင်ညွန့်အား သတင်းထောက်တဦးမှ
မေးခွန်းတခုမေးရာ သတင်းထောက်ပြောသောစကားကို နားမလည်သော ခင်ညွန့်သည်
ဘာပြန်ပြောရမှန်းလည်းမသိ၍ Very Good, Very Good! ဟုပြောမိပြောရာလျှောက်ပြော၍
သတင်းထောက်မှာလည်း အခြေအနေကိုရိပ်မိ၍ဆက်မမေးတောု့ သည်အား သတိပြုမိပါသည်။

ယနေ့နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် ပညာတတ်ဟုဆိုလာလျှင် အင်္ဂလိပ်စကားပြောနိုင်ရမည်ဟု
အားလုံးကတထစ်ချယူဆထားကြပါသည်။ မကြာမီကမှတက်လာသော ထိုင်းဝန်ကြီးချုပ်
ယဉ်လတ်သည်ပင်

မြန်မာဗိုလ်ချုပ်လူထွက်တွေ အင်္ဂလိပ်စကားပြောတော်တော်ညံ့တယ်…

ဟုထောပနာပြုသွားသည်အထိပင်။ အမှန်မှာမြန်မာစစ်အရာရှိအားလုံးနီးပါးတို့ ညံ့သည်မှာ အင်္ဂလိပ်
ဘာသာရပ်တွင်သာမကပဲ ၄င်းတို့ရရှိခဲ့သော ပညာရေးသည်အရည်အသွေးပြည့်ဝသည့် အဆင့်မှီ
ပညာရေးမဟုတ်ပါ။ အဖြစ်သင်ပေးသော နာမည်ခံပညာရေးသာဖြစ်ပါ၏။ ပညာရေးညံ့၍ စစ်ရေး
တွင်ရောတော်သလားဟုဆိုလျှင် လတ်တလော၌ ဘင်္ဂလားဒေ့ရှ်နှင့် ထိပ်တိုက်တွေ့ခဲ့သော ရှင်မဖြူ
ကျွန်းအရေးအခင်းနှင့် (၂၀၀၁) ခုနှစ်တွင် ထိုင်းနှင့်ဖြစ်ခဲ့သည့် လူသိပ်မသိလိုက်သော ထိုင်း-မြန်မာ
နယ်စပ်တိုက်ပွဲတို့အား လေ့လာကြည့်လျှင် စီးပွားရေးနှင့် နိုင်ငံရေးတွင်သာစိတ်ဝင်စားသော
မြန်မာစစ်တပ်၏စစ်ရေးစွမ်းရည်အား ကောင်းကောင်းသိရှိနိုင်ပါသည်။

နိုင်ငံတကာတွင် အစည်းအဝေးများသွားသွားတက်နေသော မြန်မာသမ္မတဦးသိန်းစိန်ဆိုလျှင်
အင်္ဂလိပ်စကားပြော တော်တော်ကိုညံ့ပါသည်။ တလောက VOA နှင့်အင်တာဗျူးတွင် မြန်မာလို
သာပြောခြင်းဖြစ်သော်လည်း ဦးသိန်းစိန်ပြောသွားသော စကားများမှာ ယူထားသောသမ္မတရာထူးနှင့်
လားလားမှမအပ်စပ်သည်အထိ အလွန်ပင်နိမ့်ကျလှပါသည်။ သူ့အပြစ်တော့မဟုတ်ပါ။ သူနှင့်မ
အပ်စပ်သောနေရာသို့ရောက်နေ၍ဖြစ်ပါသည်။ ဥပမာပြရလျှင် လမ်းတခြမ်းခင်းအောင်သိန်းလင်းတို့၊
သက်တော်ရှည်အောင်တောင်းတို့၊ လယ်ကျွန်မြင့်လှိုင်တို့၊ အကယ်ဒမီကျော်ဆန်း (မိချောင်းမျက်ရည်)
တို့ စသဖြင့် ရေးချလို့ကိုမဆုံးနိုင်တော့ပါ။ ဂိုဏ်းစတားယူနီဖေါင်းဝတ်အားလုံးနီးပါးဖြစ်သည်။

သို့သော်၎င်းတို့၌တူညီသောအချက်မှာ အလွန်ချမ်းသာလိုကြခြင်းပင်။ ထိုကဲ့သို့သောလူစားများမှာ
လက်နက်အားကိုးဖြင့် နိုင်ငံရေးအာဏာကို မတရားသိမ်းပိုက် (Usurp) လုပ်ထားသောအခါ ၁၉၄၈
မတိုင်မီအထိ အင်္ဂလိပ်ကိုသာကျွန်ခံခဲ့ရသော မြန်မာနိုင်ငံသားများမှာ ယနေ့အခါ ပြည်တွင်း၌ရော၊
ပြည်ပ၌ပါ နိုင်ငံတကာကျွန်များဖြစ်လာကြသည်။ အကျိုးဆက်ကား နိုင်ငံတကာစစ်တမ်းများတွင်
မြန်မာဆိုလျှင် ကောင်းသည့်နေရာတိုင်း၌ဘိတ်၊ မကောင်းသည့်နေရာတိုင်း၌ထိပ် ဖြစ်လာရပြီး
မြန်မာတို့၏လူမှုဘ၀များ အလွန်အမင်းနိမ့်ကျသွားရသည်။

နိုင်ငံရေးကောင်းမွန်မှ စီးပွားရေးကောင်းမွန်၊ နိုင်ငံတကာဆက်ဆံရေးကောင်းမွန်၊ စီးပွားရေးကောင်းမွန်မှ
စစ်ရေးဘတ်ဂျက်အားကောင်းနိုင်ပြီး၊ ပညာရေးကောင်းမှ မှန်ကန်သောခံယူချက်ရှိပြီး အရည်အချင်းပြည့်ဝ၍
နိုင်ငံအတွက်အကျိုးပြုမည့်တပ်မှူးများနှင့် ပရော်ဖက်ရှင်နယ်ပီသသော နိုင်ငံတကာအဆင့်မှီတပ်မတော်တ
ရပ် ဖြစ်ပေါ်လာမည်ဖြစ်သော်လည်း ပညာမတတ်၊ စာမတတ်သော မြန်မာလူမိုက်စစ်ဗိုလ်ချုပ်များအနေနှင့်ကား
တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟု ကြွေးကြော်နေဆဲဖြစ်သည်။ စကားကဇာတိပြဆိုသလိုပင်
၎င်းတို့ပညာမဲ့ခြင်းကို ထိုစကားမှသက်သေခံပါသည်။ ၄င်းတို့ဆိုလိုသည်မှာကား ၄င်းတို့ဂိုဏ်းစတား
စစ်ဗိုလ်ချုပ်များချမ်းသာမှ တပ်မတော်အင်အားရှိမည်ဟုများ သွယ်ဝိုက်၍ဆိုလိုသည်လားမသိပါ။

စစ်တပ်နှင့်လားလားမှမသက်ဆိုင်သော နိုင်ငံရေးတွင်ဝင်ပါဦးမည်ဟု မနေ့တနေ့က မင်းအောင်လှိုင်ပြောခဲ့သော
စကားကို ထောက်ချင့်၍ မြန်မာစစ်တပ်သည် ယနေ့အချိန်ထိလည်း ကိုယ်နှင့်မအပ်စပ်သည့်နေရာတွင်ဝင်ရှုပ်ပြီး
နိုင်ငံနှင့်ပြည်သူဒုက္ခပေးဦးမည်ဟု ယူဆရသည်။ နိုင်ငံကိုကာကွယ်သောတပ်မတော်ဟု တကြော်ကြော်အော်
ဟစ်နေသလောက် ထိုင်းတပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော်တို့အား ရင်မဆိုင်နိုင်သောကြောင့် စစ်တပ်နှင့်သက်ဆိုင်သော နိုင်ငံ့ကာကွယ်ရေးတွင် ခွေးနာကဲ့သို့အမြီးကုပ်နေရသော်လည်း၊ စစ်တပ်နှင့်မဆိုင်သော
ပါတီနိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍများတွင် ထိပ်ဆုံးမှတွေ့ရမည်ဖြစ်သော တပ်မတော် ဟုဆိုသော အော်ကြော့လန်မြန်မာစစ်တပ်အား ဓါးပြ (Bandit) ၊ ယာကူဇာ (Yakuza) နှင့် မာဖီးယား (Mafia)
တို့ကိုပေါင်းစပ်ထားသော ဘာကူဇာဖီးယား (Bakuzafia) ဟုပင်ခေါ်ရမလိုဖြစ်နေ၏။ “တပ်မတော်သာငပိ၊
တပ်မတော်သာငပွ”
ဟုဆိုကြခြင်းသည်လည်း သမိုင်းကြောင်းအရ အပ်စပ်မှုရှိလာပါသည်။

ဇာတ်သိမ်းမကောင်းသော စစ်အာဏာရှင်ဟောင်းနေ၀င်းလက်ထက်တွင် လူကောင်းလူတော် ဆိုသော
စကားတခွန်းခေတ်စားခဲ့ဖူးပါသည်။ အဓိပ္ပာယ်မှ ခိုင်းတာမှန်သမျှဆိုးဆိုးကောင်းကောင်း အကုန်လုပ်သော
သာမန်လူများကို နေရာပေးခြင်းဖြစ်သည်။ ခိုင်းတာမှန်သမျှအကုန်လုပ်လျှင်၊ မတော်လည်း လူကောင်းဟုသတ်မှတ်ခံရ၍ နေရာပေးခံရကာ နေ၀င်း၏မိသားစုအားပြန်၍ ထောင်ထဲပို့ခဲ့သော သန်းရွှေကဲ့
သို့သောလူစားမျိုးများ နေ၀င်းခေတ်တွင် အများအပြားရှိခဲ့၍ ထိုသူများမှာ အရှင်မွေးနေ့ချင်းကြီးသူ
များဖြစ်ကြသည်။ သို့သော်လည်း ထိုတကိုယ်ကောင်းသမား၊ တဘို့တည်းသမား နွားအများစုမှာဇာတ်
သိမ်းမကောင်းကြသည်ကိုကား အားလုံးအသိပင်။

နိုင်ငံနှင့်လူမျိုးကို အမှန်တကယ်အကျိုးပြုမည့် တကယ့်လူတော်များကိုကား နေ၀င်းတည်ထောင်ခဲ့သော
အာဏာရှင်စနစ်အတွင်း လူကြိုက်မများလှပဲ တော်ရိလျော်ရိဖြင့်သာစခန်းသွားကြရပါသည်။ ယနေ့မြန်မာ
အစိုးရအဖွဲ့အစည်းများနှင့် မြန်မာစစ်တပ်အတွင်း၌လည်း ထိုအတိုင်းပင်ဖြစ်နေပြီး လူတော်များနေရာမရပါ။
ထို့ကြောင့် Brain Drain ဖြစ်လာပြီး မြန်မာလူ့အဖွဲ့အစည်းအတွင်းမှ ကြီးကြီးငယ်ငယ်လူတော်များအား
လုံးနီးပါး ပြည်ပသို့ထွက်ကုန်ကြသည်။ ထိုအခြင်းအရာအား သမ္မတဦးသိန်းစိန်၏အကြံပေးအဖွဲ့ကိုကြည့်လျှင်
သိမြင်နိုင်ပါသည်။

မြန်မာတနိုင်ငံလုံး ဂိုဏ်းစတား ဘာကူဇာဖီးယား တပ်မတော်၏လက်ချက်ဖြင့်  ဘက်စုံချွတ်ခြုံကျသွားသော
ယနေ့ခေတ်တွင်မူကား Brain Drain အဆင့်မဟုတ်တော့ပဲ တော်သူရောမတော်သူများပါ ရသမျှနည်းမျိုးစုံဖြင့် အပြုံလိုက်ပြည်ပသို့အပြီးရွှေ့ပြောင်းအခြေချကုန်ကြသော Mass Emigration အဖြစ်အသွင်ပြောင်းလာပြီး
ထိုင်း၊ စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ မလေးရှား၊ သြစတြေးလျ၊ နယူဇီလန်၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စု
၊ အင်္ဂလန်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ ဒိန်းမတ်၊ ဆွစ်ဇာလန်နှင့် အခြားသော ဥရောပနိုင်ငံများသို့ နိုင်ငံသားခံယူရန်
အတွက် အပြီးရွှေ့ပြောင်းအခြေစိုက်ကုန်ကြသည်။ ဒီကြားထဲ သန်းရွှေ့သမီးတွေကအစ အရှက်မရှိ အဖေကဗိုလ်
ချုပ်မို့လို့အဖေနာမည်ပြောင်းပြီး အနောက်နိုင်ငံများသို့ အသေရရအရှင်ရရထွက်သော ဂိုဏ်းစတားမြန်မာဗိုလ်ချုပ်
များနှင့် ၄င်းတို့၏လက်ဝေခံခရိုနီများ၏ သားသမီးဆွေမျိုးများကလည်းရှိသေးသည်။ နိုင်ငံခြားပတ်စ်ပို့ကိုင်ပြီး ခဏတာအလည်ပြန်လာကြသူများ၊ ဂေါ်မစွံ၍မိန်းမယူ၊ ယောက်ျားယူရန်အတွက် မြန်မာပြည်သို့ခေတ္တပြန်လာသူများနှင့် မည်ကာမတ္တနာမည်ခံအပြောင်းအလဲ၌ နိုင်ငံရေးလုပ်စားရန် ဂွင်လာရိုက်သူများကို ပြည်တော်ပြန်လာပြီဟု
လိပ်ခေါင်းထွက်မတတ်အော်နေသူများလည်း အများအပြားရှိပါသည်။

မြန်မာပညာရေးစနစ်တခုလုံးကိုပြုပြင်ပြောင်းလဲရန်လိုအပ်သည်နှင့်အလားတူ  မြန်မာစစ်အရာရှိများကို
မွေးထုတ်ပေးသော မြန်မာစစ်တက္ကသိုလ်၏ စာပေပညာရေးစနစ်နှင့် လေ့ကျင့်ရေးစနစ်အား နိုင်ငံတကာ
အဆင့်မှီ ပြုပြင်ပြောင်းလဲပေး၍ ယခုလို အမှတ်စာရင်းတင်ပြရန်မလိုသော လူရှော်များအစား တကယ့်
လူတော်များကိုသာ စိစစ်လက်ခံလေ့ကျင့်သင်ကြားပေးခြင်းမှ ရရှိလာမည့်ဂုဏ်သိက္ခာရှိသော ပညာတတ်
လူတော်စစ်အရာရှိများသည် မိမိနှင့်သက်ဆိုင်သောကဏ္ဍသာလျှင်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး၌
ထိထိရောက်ရောက် စွမ်းဆောင်နိုင်ပြီး ပြည်တွင်းနှင့်ပြည်ပတို့တွင် လေးစားမှုရရှိလာမည်ဖြစ်ပါသည်။
၎င်းတို့သည် (လက်ရှိမြန်မာဗိုလ်ချုပ်များကဲ့သို့ ဂုဏ်သာရှိပြီး သိက္ခာမရှိသောသူများကဲ့သို့မဟုတ်ပဲ)
ဂုဏ်သိက္ခာရှိသူများဖြစ်လာမည့်အလျောက် မိမိနှင့်မသက်ဆိုင်သော ကဏ္ဍများတွင်လည်း သိက္ခာအကျခံပြီး
ဝင်ရောက်စွက်ဖက်ကြမည့်မဟုတ်၍ မြန်မာနိုင်ငံအတွက် အလားအလာကောင်းများ ဖြစ်ထွန်းလာမည်ဖြစ်ပါသည်။

သူရဲကောင်းဆိုတာ…

အခန်း (၅) ၊ ဒုတိယပိုင်း

Alexander the Great (356 - 323 B.C)

Daniel Kane အကြမ်းတမ်းဆုံးဖြစ်တဲ့ စစ်သင်တန်းကို နွေရာသီမှာမှစမှာဖြစ်ပေမယ့်လည်း ကျနော်တို့တွေအနေနဲ့လည်း
စာပေသင်တန်းချိန်ကာလ
(Academic Year) အတွင်းမှာကို လုံးဝမအားလပ်ကြပါဘူး။ စစ်ပညာသင်ပေးတဲ့
ဝက်စ်ပွိုင့်စစ်တက္ကသိုလ်က ကောင်းလဲကောင်း၊ ခက်လဲခက်ခဲတဲ့ အင်ဂျင်နီယာနည်းပညာတက္ကသိုလ်
(Engineering School) တခုလည်းပဲ ဖြစ်ပါတယ်။ ကျနော်တို့စာသင်ချိန်တွေမှာ ဂရိဧကရာဇ် မဟာအလက်ဇန္ဒား
(Alexander the Great) ကနေစပြီး ဒုတိယကမ္ဘာစစ် (WWII) အဆုံးထိ အရေးပါတဲ့စစ်ပွဲတွေအကြောင်းကို
လေ့လာသင်ယူနေကြရသလိုပဲ ရူပဗေဒဘာသာရပ် (Physics)၊ အင်ဂျင်နီယာဘာသာရပ်များ (Engineering)၊
သင်္ချာဘာသာရပ် (Math) နဲ့ လူမှုသိပ္ပံဘာသာရပ် (Social Science) တွေကိုလဲ သင်ယူကြရပါတယ်။

နေ့စဉ်လည်း အိပ်ဆောင်စစ်ဆေးမှု (Barrack Inspection)၊ ၀တ်စားဆင်ယင်မှုစစ်ဆေးမှု (Turnout Inspection)
တွေကိုခံယူရတာတွေနဲ့ ကာယလေ့ကျင့်မှု (Drill) တွေလုပ်ကြရပါတယ်။ ကျောင်းချင်း၊ ကောလိပ်ချင်း၊
တက္ကသိုလ်ချင်းယှဉ်ပြိုင်မှုတွေ၊ တပ်ခွဲလိုက်ယှဉ်ပြိုင်မှုတွေမှာ ဗိုလ်လောင်းတိုင်းလိုလို ပြိုင်ပွဲတခုမဟုတ်တခုမှာ
ပါဝင်ပတ်သက်နေတော့ အားကစားဆိုတာကတော့ စကားထဲကို ထည့်ပြောနေစရာမလိုတဲ့အထိပါပဲ။

ဗိုလ်လောင်းစားရိပ်သာ

တချို့ညနေတွေဆိုရင် နပမ်းလေ့ကျင့်မှုပြီးသွားလို့ ညစာစားပြီး အခန်းထဲပြန်ရောက်တာနဲ့ ကျနော်တုံးကနဲ
အိပ်ပျော်သွားတာ ညလယ်စာ (Supper) စားတဲ့အချိန်ထိပဲ။ ညပိုင်းစာကြည့်ချိန်အတွက်ပဲ ပြန်ထတယ်။
ပြင်ပလောကမှာ ဟိုက်ဒရိုဂျင်ဗုံး (H-Bomb) စမ်းသပ်ဖေါက်ခွဲတာ၊ ကိုရီးယားစစ်ပွဲ (Korean War) ပြီးသွားတာ၊
ဒဲန်ဘဲန်ဖူးခံတပ် (Dien Bien Phu) ကျသွားတာ၊ စစ်တပ်နဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး အထက်လွှတ်တော်အမတ်
ဂျိုးဇက်ဖ်မက်ကာသီ
(Joseph McCarthy) တို့ ထိပ်တိုက်ဆိုင်ကြတာ တွေ အရှိန်ကောင်းကောင်းနဲ့ဖြစ်
ပျက်နေပေမယ့်လည်း ဖတ်စ်ရီးယားဗိုလ်လောင်းဖြစ်တဲ့ ကျနော့်အနေနဲ့တော့ ၀ိုးတိုးဝါးတားလောက်ပဲ သိခဲ့ပါတယ်။

ကွန်မြူနစ်ဆန့်ကျင်ရေးဝါဒီအမေရိကန်အထက်လွှတ်တော်အမတ်ဂျိုးဇက်ဖ်မက်ကာသီ

စစ်တပ်-မက်ကာသီ အရေးကိစ္စကို ကြားနာစစ်ဆေးမှုတွေလုပ်နေတဲ့အချိန် (၁၉၅၄) အီစတာပွဲတော်ပိတ်ရက်မှာ
အိမ်ပြန်တော့၊ အဲဒီစစ်ဆေးမှုကို တီဗီကနေတိုက်ရိုက်လွှင့်ပြနေပါတယ်။ အဲဒါနဲ့ကျနော်လဲ တီဗီရှေ့ကနေ
မခွာနိုင်တော့ဘူး။ ကြည့်ရင်းနဲ့ မက်ကာသီက ကေသုံးလုံးဂိုဏ်း (Ku, Klux, Klan) လိုပဲဂေါက်တောက်တောက်နိုင်တယ်
လို့ ထင်မိတယ်ဗျာ။ သူကလူတဦးတယောက်ရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး လုံးဝထည့်မတွက်ဘူးဗျ၊
ကျနော်တော့ သူ့နည်းလမ်းတွေကို မနှစ်မြို့ဘူးဖြစ်မိတယ်။ ဒါပေမယ့် ကွန်မြူနစ်တွေနဲ့ပတ်သက်လို့တော့
သူထင်တာမှန်ဖို့အလားအလာများပါတယ်။ ကွန်မြူနစ်ကလာပ်စည်း (Communist Cell) တွေကနေရာတကာမှာကိုရှိနေတာကလား။ ဝေးဝေးလံလံတောင်ပြေးကြည့်စရာမလိုဘူးလေ။
ကျနော့်ရဲ့အစ်မတော် ရုသ်အဲန်း တယောက်လုံးက ကွန်မြူနစ်ဖြစ်နေပြီကိုး။

အမေရိကန်ပြည်ထောင်စုရဲ့လျှို့ဝှက်ချက်တွေ အခိုးခံနေရတယ်ဆိုတာ ဟစ်(စ)နဲ့ရိုဇဲန်ဘတ်ဂ်အမှု
(The Hiss and Rosenberg Case) ကိုကြည့်ရသိသာပါတယ်။ အရင်ကဘာမှမရှိတဲ့ ဆိုဗီယက်က
အခုနျူကလီးယားနည်းပညာမှာလိုက်မှီလာပြီး တကမ္ဘာလုံးကိုကွန်မြူနစ်ဇာတ်သွင်းပြီး ချုပ်ကိုင်
ချင်နေတယ်။ ကျနော့်ကတော့ ကွန်မြူနစ်ဆန့်ကျင်ရေးသမားစစ်စစ်တယောက်ပါ။ အမေရိကန်နိုင်
ငံတော်ကို ကာကွယ်ဖို့အတွက်ပဲ ဦးတည်ချက်ထားပါတယ်။

ဝက်စပွိုင့်စစ်တက္ကသိုလ်ရှိစာသင်ခန်းတခု

ဝက်စ်ပွိုင့်စစ်တက္ကသိုလ်မှာ စစ်ဘက်ယဉ်ကျေးမှုဓလေ့စရိုက်တွေကို အထိရောက်ဆုံးလို့ယူဆရတဲ့
နည်းလမ်းတွေနဲ့ သင်ကြားပါတယ်။ တကယ့် စစ်သူရဲကောင်းတွေကို ကျနော်တို့အတွက် နည်းပြဆ
ရာတွေအဖြစ်ခန့်အပ်ပြီး သင်ကြားစေပါတယ်။ ကျနော်တို့ ဖတ်စ်ရီးယား စာပေသင်တန်းကာလမှာ
ဒုတိယကမ္ဘာစစ်တုန်းက သံချပ်ကာ(တင့်) တပ်မှူးအဖြစ်တိုက်ပွဲဝင်ခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီးဂျိမ်းစ်ဟော်
လင်ဂ်စ်ဝါ့သ်
(Lt Col. James Hollingsworth) ကကျနော်တို့ကို စစ်ဗျူဟာသင်ခန်းစာ (Tactics)
တွေကို ပို့ချပါတယ်။ ဒုဗိုလ်မှူးကြီးဟော်လင်ဂ်စ်ဝါ့သ် ကစိတ်ဝင်စားစရာကောင်းတဲ့ ဆရာကောင်း
တယောက်ဖြစ်ပြီး အဆဲလည်းသန်ပါတယ်။

ဗိုလ်ချုပ်ဟော်လင်ဂ်စ်ဝါ့သ်

မှတ်ချက်။ ဒုဗိုလ်မှူးကြီးဟော်လင်ဂ်စ်ဝါ့သ် သည် အသက် (၂၆) နှစ်၌ ကြည်းတပ်ဒုတိယဗိုလ်မှူးကြီး
အဆင့်ကို ရရှိခဲ့သူဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက အကောင်းဆုံးသံချပ်ကာတပ်မှူး (၂) ဦးထဲမှ
တဦးဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးပက်တန်ရဲ့ အသိအမှတ်ပြုမှုကို ရရှိထားသူဖြစ်ပါတယ်။ နောက်ပိုင်းတွင်
ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ စစ်ရေးတာဝန်များကိုထမ်းဆောင်ခဲ့သွားခဲ့ပါတယ်။ ၄င်းအားဂုဏ်ပြု၍ထု
လုပ်ထားသည့် ပုံတူကျောက်ရုပ်များအနက်မှ တခုအား Texas A&M University, TAMU) အတွင်း၌
ထားရှိပြီး ယနေ့ထိဂုဏ်ပြုအခမ်းအနားများကျင်းပလေ့ရှိသည်။)

စာသင်နေရင်းနဲ့ ခြေလျင်ခံစစ်အနေအထားအတွက် စက်သေနတ်ကိုဘယ်လိုနေရာချရမလဲဆိုတာကို
ရှင်းပြရမယ့်အစား သင်ခန်းစာပို့ချချက်ကနေ ချော်တောငေါ့သွားပြီး သူမြောက်အာဖရိက စစ်မြေပြင်မှာ
တုန်းက ဒါမှမဟုတ် ဥရောပတိုက်ကိုဖြတ်လာတဲ့ သံချပ်ကာစစ်ကြောင်းထဲမှာ ပါဝင်ခဲ့တုန်းက…

ကိုယ်နဲ့ဂျော်ဂျီပက်တန်တို့ တင့်ကားတွေနဲ့ကာဆာရင်းတောင်ကြား (Kasserine Pass) ကိုဖြတ်ပြီး…

စတဲ့…သူ့တပ်တွေအောင်ပွဲခံခဲ့ကြတဲ့မြင်ကွင်းတွေကို မြိန်ရေရှက်ရေနဲ့ကို ပြောပြတော့တာလား။ ကျနော်
တို့ဖတ်စ်ရီးယားတွေဆိုတာ သူ့စကားတခွန်းမှလွတ်မသွားရအောင်ကို တမေ့တမောနဲ့ အားအကျကြီးကျပြီး
နားထောင်နေကြတော့တာပေါ့ဗျာ။ ဒုဗိုလ်မှူးကြီးဟော်လင်ဂ်စ်ဝါ့သ် တို့လို ဆရာမျိုးတွေကြောင့် ဖတ်စ်ရီး
ယားဘ၀အကျစ်ခံရတာ၊ အအုပ်ခံရတာတွေကို ခပ်လွယ်လွယ်ပဲ သည်းခံလာနိုင်ပါတယ်။

(မှတ်ချက်။ သံချပ်ကားစစ်ဆင်ရေးတွင် အမေရိကန်တပ်မတော်၏ နံပတ်တစ်ဟုယူဆထားကြသော သံချပ်
ကာတပ်မှူးကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးဂျော့ရှ်ပက်တန် ၏အကြောင်းအား အခန်း (၄) ၊ ဒုတိယပိုင်းတွင် အနည်း
ငယ်ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ ၄င်းတို့ရင်ဆိုင်နေရသော အမေရိကန်တပ်မှူးသည်
ဂျော့ရှ်ပက်တန်ဟု သိလိုက်ရသော ဂျာမန်တပ်မှူးများအနေနှင့် တော့်တော့်ကိုစိတ်မသက်မသာဖြစ်ကြရသည်
အထိ ဗိုလ်ချုပ်ကြီးပက်တန်အား ဂျာမန်တပ်များမှရွံ့ကြရသည်။)

ကျနော်လဲ ဒုဗိုလ်မှူးကြီးဟော်လင်ဂ်စ်ဝါ့သ်ကြောင့် သံချပ်ကာတပ်မှူးတယောက်ဖြစ်ချင်တာ
အချိန်တော်တော်ကြာကြာပါပဲ။ တင့်ကားတွေက စစ်ကစားနိုင်တယ်၊ ပစ်အားကောင်းတယ်၊ ရန်သူကို
တုန်လှုပ်သွားစေနိုင်တဲ့အချိန်မှာ ခြေလျင်တပ်တွေက တနာရီ (၂.၅) မိုင်နှူန်းနဲ့ ဘယ်ညာဘယ်
ညာလျှောက်လိုက် စဉ်းစားလိုက်ပေါ့။ ကျနော့်စိတ်ကို ဘယ်လိုဆွပေးရမလဲဆိုတာကို
သူကကောင်းကောင်းသိတယ်ဗျ။ ကျနော်တို့ ဖတ်စ်ရီးယားမှာပဲ (၃.၅ လက်မ) ရော့ကက်လောင်ချာကို
လေ့ကျင့်ပစ်ခတ်ရတယ်။ ခပ်ရှည်ရှည်ပြွန်လို လောင်ချာကိုပခုံးပေါ်တင်ပြီး၊ ဒုတိကမ္ဘာစစ်သုံး ဘဇူကာ
(Bazooka) ကိုပစ်သလိုမျိုးပစ်ရတာ။

ကျနော်တို့က ကိုက် (၁၅၀) အကွာက တင့်ကားကိုယ်ထည်ပုံပစ်မှတ်တွေကို လေ့ကျင့်ရေးရော့ကက်တွေနဲ့
ပစ်ရပါတယ်။ ကျနော်တို့ပစ်နေကြတုန်း ဒုဗိုလ်မှူးကြီး ဟော်လင်ဂ်စ်ဝါ့သ်ကလည်း ကျနော်တို့အနောက်မှာ
လျှောက်ပတ်ပြီးကြည့်နေတယ်။ ကျနော်လည်း ပစ်မှတ်ကိုချိန်ပြီးရော့ကက်ကိုပစ်ထည့်လိုက်တာ “ဒုန်း”
ဆိုထိသွားပါလေရောဗျား။ အဲဒီမှာ ဒုဗိုလ်မှူးကြီး ဟော်လင်ဂ်စ်ဝါ့သ်က ရောက်လာပြီး ကျနော့်ပခုံးကိုပုတ်ပြီး…

ကောင်းလိုက်တဲ့ပစ်ချက်ကွာ… မောင်ရင်က ကိုယ်တို့တပ်မတော်ကလိုချင်တဲ့လူစားမျိုးအစစ်ပဲဟေ့…

လို့ချီးကျူးပါလေရောဗျား။ ကျနော့်မှာတော့ ဘုရားသခင်ကိုယ်တိုင် ကောင်းချီးလာပေးနေသလိုမျိုးတောင်
ခံစားလိုက်ရတယ်ဗျာ။

နောက်တယောက်ကတော့ ကျနော်တို့ဖတ်စ်ရီးယားတွေနဲ့ဆိုင်တဲ့ စက်မှုအင်ဂျင်နီယာဘာသာရပ်
(Engineering Mechanics) ဆိုင်ရာပါမောက္ခဖြစ်တဲ့ ဗိုလ်ကြီးအယ်လ်တန်ကွမ်ဘက်ခ်
(Capt. Altlon H. Quanbeck) ဆိုရင်လည်း ကိုရီးယားစစ်ပွဲတုန်းက တကယ့်တိုက်လေသူရဲပေါ့ဗျာ။
အမြဲတမ်းလိုလို ရန်သူ့ မစ်ဂ် (MIG) တိုက်လေယာဉ်တွေအနောက်မှာ ရောက်နေတတ်ပြီး
ပစ်ချဖို့ကတော့အဆင်သင့်ပဲဟေ့ ဆိုတဲ့လူစားမျိုးဗျ။

လူမှုသိပ္ပံသင်တဲ့ ဗိုလ်ကြီးပေါလ်ဂေါ်မဲန်ဂျူနီယာ (Capt Paul F Gorman Jr) ကလည်း ယာလူးမြစ်
(Yalu River) ကနေ အမေရိကန်တပ်တွေဆုတ်တုန်းက ပါဝင်တဲ့ခြေလျင်တပ်အရာရှိတယောက်ပေါ့။
သူကတော့ စစ်ပွဲနဲ့ပတ်သက်တာတွေကို သိပ်မပြောပါဘူး။ ဗိုလ်ကြီးပေါလ်ဂေါ်မဲန်မှာ ဗယ်ဘက်လက်
သူကြွယ်မရှိဘူးဗျ။ ကောလဟလသတင်းတွေကတော့ ကိုရီးယားစစ်ပွဲတုန်းက သူ့တပ်ခွဲကိုတရုတ်
တပ်တွေဝင်စီးခံရတော့ သတိလစ်နေတဲ့သူ့ကို သေပြီထင်တဲ့ တရုတ်စစ်သားတယောက်က
သူ့ရဲ့ဝက်စ်ပွိုင့်လက်စွပ်ကိုလိုချင်တာနဲ့ လက်ဖြတ်ယူသွားတယ်လို့ ပြောကြတာပဲ။ ဟုတ်မဟုတ်တော့
မသိပေမယ့် ဗိုလ်ကြီးပေါလ်ဂေါ်မဲန်က တခုခုကိုသရုပ်ပြဖို့ လက်ကိုဝှေ့ယမ်းလိုက်တိုင်း ကျနော်တို့
ဗိုလ်လောင်းတွေအနေနဲ့ ရှေ့မှာကြုံနိုင်တဲ့အနေအထားတခုကို သည်းခံနိုင်စွမ်းရှိဖို့လိုအပ်တယ်ဆို
တာကို အမှတ်ရမိစေပါတယ်။

ကျနော့်ရဲ့ဆရာသမားတွေထဲကတယောက်ကတော့ ကျနော်စီနီယာတန်းရောက်လာတော့ အင်္ဂလိပ်
စာသင်တဲ့ ဗိုလ်ကြီးဆဲမ်မြူရယ်ရပ်ခ်စ်မာတင် (Capt Samuel Rucks Martin) ပါ။ သူကတော့
ကိုရီးယားစစ်ပွဲတုန်းက သံချပ်ကာတပ်ခွဲတခွဲကိုကွပ်ကဲ့ခဲ့တဲ့ တပ်မှူးတယောက်ပါ။ သူကဒေါင်ဒေါင်မြည်
စစ်အရာရှိတယောက်ဖြစ်သလို ကဗျာတွေကိုနှစ်သက်တဲ့ ခံစားတတ်တဲ့ စာပေတယောက်လည်းဖြစ်ပြီး
အမှန်အတိုင်းဝန်ခံရရင်တော့ ကျနော့်အနေနဲ့သူ့လိုဆရာမျိုးကိုအခုချိန်ထိ သဘောကျတုန်းပါပဲ။

ဗိုလ်ကြီးမာတင်ရဲ့စွန့်စားခန်းတွေက တကယ့်ကိုထူးထူးခြားခြားတွေပါပဲ။ မီးလောင်ပေါက်ကွဲနေတဲ့
ကုန်သေတ္တာတွဲတွေထဲက ဘီယာဖာတွေကိုရအောင်ချနိုင်တာတို့ ဘာတို့ပေါ့။ သူသင်ပေးတဲ့အထဲက
ပိုပြီးအရေးပါတာတခုကတော့ ကျနော်တို့ဖတ်စာအုပ်တွေထဲမှာမပါတဲ့ ခေါင်းဆောင်မှုပညာရပ်
(Leadership) ပါ။ ဥပမာဆိုရရင် ကိုရီးယားစစ်တုန်းက သူ့တပ်တွေရဲ့စိတ်ဓါတ်ကို အလေးပြုခြင်းနဲ
့ မြှင့်တင်ပေးနိုင်ခဲ့တာမျိုးပေါ့။ ဗိုလ်ကြီးမာတင်က သူ့တင့်ကားကို လမ်းခွဆုံတခုမှာရပ်ထားမယ်။
နောက်ကဖြတ်လာတဲ့ တင့်ကားတွေက သူ့ကိုတွေ့ရင် တင့်ကားဆုံလည်ကို ယမ်းပြီးအလေးပြု
သွားကြပါတယ်။ စစ်ဘက်ထုံးစံအရ အလေးပြုတယ်ဆိုတာ စည်းကမ်းလိုက်နာခြင်းပါပဲ။ ဗိုလ်ကြီး
မာတင်ထောက်ပြသွားတဲ့ အဓိကအချက်ကတော့ အဲဒီဝှေ့ယမ်းအချက်ပြမှုဟာ အလွန်အရေးကြီးလှတဲ့
တပ်ဖွဲ့ရဲ့စိတ်ဓါတ်နဲ့မာန်တို့ကို ဖေါ်ပြခြင်းဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

စစ်အရာရှိတယောက်ဟာ ဘယ်လိုမျိုးလဲဆိုတာကို ဖေါ်ပြတဲ့ဇာတ်လမ်းတွေကို ကျနော်တို့အရမ်းပဲ
စိတ်ဝင်စားကြပါတယ်။ စစ်အရာရှိတယောက်ဆိုတာနဲ့ပတ်သက်လို့လဲ စာအုပ်တွေထဲမှာဖတ်ရတာရယ်
၊ ကိုယ့်ဘာသာတွေးတောစိတ်ကူးမိတာရယ်တွေကလွဲလို့ လက်တွေ့လဲမကြုံဖူးတော့ ကျနော်တို့
နားထောင်ရတဲ့ဇာတ်လမ်းတွေနဲ့ပတ်သက်လို့လဲ သိပ်တော့မခွဲခြားတတ်သေးပါဘူး။

“ပထမဆုံးကြုံရတဲ့တိုက်ပွဲမှာ ငါဘယ်လိုတိုက်ပွဲဝင်မလဲ…”

ဆိုတဲ့မေးခွန်းက ကျနော်တို့အားလုံးရဲ့စိတ်ထဲမှာကိန်းအောင်းနေပါတယ်။ စစ်မြေပြင်မှာရန်သူ့တပ်တွေရဲ့အဖမ်း
အဆီးကိုခံရပြီး အနှိပ်စက်ခံရရင် ကြာကြာတောင့်ခံထားနိုင်ပါ့မလား ဆိုတာနဲ့ပတ်သက်လို့လဲ စိတ်ထဲမှာပူ
ပန်မိကြပါတယ်။ စစ်ဘက်စိတ်ပညာရှင် (Army Psychiatrist) တွေက ပို့ချတဲ့ ကိုရီးယားမှာကြုံကြရတဲ့
ဦးနှောက်ဆေးခြင်း (Brainwashing) နဲ့ပတ်သက်တဲ့ သင်ခန်းစာကိုကျနော်တို့သေသေချာချာ ဂရုတစိုက်
နားထောင်ခဲ့ကြပါတယ်။ ၄င်းတို့ရဲ့သုတေသနပြုချက်များအရ ရန်သူ့အဖမ်းအဆီးခံရသော အမေရိကန်တပ်
ဖွဲ့ဝင် (၃) ဦးအနက် (၁) ဦးက ရန်သူနဲ့ပူးပေါင်းသွားကြတာကို တွေ့ရှိခဲ့ပါတယ်။ အမေရိကန်အချင်းချင်း
သစ္စာဖေါက်ပြီး ရန်သူ့အစောင့်တပ်သားတွေကို သတင်းပေးခံရလို့ အမေရိကန်တပ်ဖွဲ့ဝင်တွေ အသက်ဆုံး
ရှုံးကြရတယ်ဆိုတဲ့ တုန်လှုပ်စရာကောင်းတဲ့ မှတ်တမ်းတွေကို စစ်ဘက်စိတ်ပညာရှင်များက ရှင်းပြကြပါတယ်။
လေ့လာမှုများမှ တွေ့ရှိလာရတာကတော့ မိမိဘာသာစည်းကမ်းလိုက်နာမှု (Self-Discipline) မရှိခြင်းသော
သူများ ရန်သူ့ဘက်သားဖြစ်သွားကြသည်ဆိုခြင်းပင်။ ထိုသို့သောကိစ္စနှင့်ပတ်သက်၍မူ ကျနော်တို့ဝက်စ်ပွိုင့်
သင်တန်းဆင်းအရာရှိများတွင် တွေ့မြင်ရလိမ့်မည်တော့ မဟုတ်ဟု ကျနော်တို့တထစ်ချယုံကြည်ကြသည်။

ဟစ်တလာ နှင့်လီနီရီဖွန်စတိုင်းလ်

ကျနော့်အတွက်စိတ်အနှောင့်အယှက်အဖြစ်ခဲ့ရဆုံး စာသင်ချိန်တချိန်ရှိပါတယ်။ အဲဒီစာသင်ချိန်က ဟစ်တလာ
ရဲ့ (၁၉၃၄) နျူရဲန်ဘတ်ခ်လူထုအစည်းအဝေးပွဲ (Nuremberg Rally) နဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့
ဂျာမန်အမျိုးသမီးဒါရိုက်တာ လီနီရီဖွန်စတိုင်းလ် (Leni Riefenstahl) ရဲ့ The Trimph of the Will
ဆိုတဲ့ဝါဒဖြန့်ဇာတ်ကားကိုကြည့်ရတဲ့အချိန်ပါ။ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တွေရဲ့ကမ်းကုန်တဲ့ ယုတ်
မာပက်စက်မှုတွေကိုသိပြီးသားပေမယ့်ဗျာ…

တဒိန်းဒိန်းကြားနေရတဲ့နာဇီစစ်ချီတေးတွေ၊ တဒုံးဒုံးနဲ့ဘယ်ညာနင်းပြီးချီတက်တာတွေ၊ ပြင်းထန်တဲ့စိတ်
ဓါတ်တက်ကြွမှုတွေနဲ့ ကျနော်လဲမျောသွားတယ်ဗျာ။ စစ်ရဲ့မှားယွင်းမှုအခြေခံ (Fundamental Immorality
of War) နဲ့ပတ်သက်ပြီး စိတ်ထဲကလက်ခံနိုင်အောင်ကြိုးစားရတာကိုက ရက်ပေါင်းတော်တော်ကိုကြာပါတယ်။

ဟစ်တလာ (၀ဲစွန်) နှင့်လီနီရီဖွန်စတိုင်းလ် (ယာစွန်)

ကျနော်တို့အနေနဲ့ အချေအတင်စကားပြောဆိုမှုတွေအတွင်းမှာ ပြဿနာတွေရဲ့အဖြေကိုမရှာဖြစ်ကြပေမယ့်
မေးခွန်းတွေမေးတတ်လာစေဖို့အတွက်တော့ အဲဒီ ကျပန်းစကားပြောခြင်းများက အထောက်အကူပြုကြပါတယ်။
ဝက်စ်ပွိုင့်စစ်တက္ကသိုလ်အနေနဲ့ စစ်အရာရှိတွေအနေနဲ့ ကျနော်တို့ရင်ဆိုင်ကြရနိုင်တဲ့ လူ့ကျင့်ဝတ်ပိုင်း၊ဂုဏ်သိက္ခာပိုင်း
တွေနဲ့ပတ်သက်ပြီး ဇဝေဇ၀ါနဲ့ဒွိဟဖြစ်စေမယ့် အကြောင်းအရာတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်ပေးဖို
့ ကြိုးစားပါတယ်။

နျူရင်ဘတ်စစ်ခုံရုံးနှင့်စစ်တရားခံနာဇီဗိုလ်ချုပ်များ

ဒုတိယကမ္ဘာစစ်အပြီး နျူရဲန်ဘတ်ခ်စစ်ခုံရုံးတင်ခံကြရတဲ့ စစ်ရာဇ၀တ်ကောင် နာဇီဗိုလ်ချုပ်တွေက ၄င်းတို့စစ်အတွင်း
ကျူးလွန်ခဲ့တဲ့ယုတ်မာရိုင်းစိုင်းမှု (Atrocities) တွေနဲ့ပတ်သက်ပြီး တရားခွင်တွေမှာ ဘာပြောကြသလဲဆိုတော့
“Dienst ist Dienst”  ဆိုပဲ။ အဓိပ္ပာယ်ကတော့ “တာဝန်အရပါ”  လို့ပြောတာပါ။ ၀က်စ်ပွိုင့်စစ်တက္ကသိုလ်အနေနဲ့
ကတော့ ကျနော်တို့ကိုဘယ်တော့မှ အဲဒီနာဇီဗိုလ်ချုပ်တွေလိုမဖြစ်အောင် လေ့ကျင့်ပြင်ဆင်ပေးချင်တာပါပဲ။

အချိန်ကျလာရင်တော့ ကျနော်တို့တွေဟာ တကယ့်စစ်သည်တော်တွေဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်မြင်ရတာ
ကိုတော့ သဘောကျကြပေမယ့်လည်း ကျနော်တို့ထဲမှာ တကယ့်ကိုသွေးဆာနေတဲ့လူစားမျိုးတော့မရှိပါဘူး။ တနှစ်
…နွေဦးကာလ လေ့ကျင်ရေးမှာတော့ စစ်သည်တွေကိုသင်ကြားပေးသင့်တာတွေကို ဘယ်လိုသင်ကြားပေးရမလဲ
ဆိုတဲ့ ညွှန်ကြားမှုအတတ်ပညာ (Methods of Instruction) သင်ခန်းစာကို သင်ယူကြရပါတယ်။

ဗိုလ်လောင်းတယောက်ကို ခေါင်းစဉ်တခုစီရွေးချယ်ကြရပြီး သင်ခန်းစာ (၂) ခုစီလုပ်ဆောင်ပေးကြရပါတယ်။
ပထမဆုံး နှုတ်နဲ့ရှင်းပြကြရပြီးတော့ လက်တွေ့ဆက်လုပ်ပြကြရပါတယ်။ ကျနော်ကတော့ ဂျူဒိုပညာ (Judo)
အကြောင်းကို ဆွေးနွေးပါတယ်။ ကျနော့်ရဲ့အတန်းဖေါ် ချာလီဆာကီစ် (Charlie Sarkis) ကတော့ ပြင်ပကိစ
္စတွေမှာ ပါရဂူဆိုတော့ ရှင်သန်မှု (Survival) အကြောင်းအရာနဲ့ပတ်သက်ပြီး ဆွေးနွေးပါတယ်။ ချာလီက သူ့ရဲ့ဆွေးနွေးမှုအတွက်ဆိုပြီး ရေဇလုံတလုံးနဲ့ယုန်လေးတကောင်ယူပြီး အတန်းထဲဝင်ချလာပြီး ယုန်
တကောင်ကိုသတ်မယ်ဆိုရင် ရေနှစ်သတ်တာအကောင်းဆုံးပါပဲလို့ ဆိုပါတယ်။ ပြီးတော့… သူယူလာတဲ့
ယုန်ကလေးကိုရေနှစ်သတ်ပြီး အရေခွံဆုတ်ပြတယ်ဗျာ။ တကယ့်ကောင်ပဲ။ အဲဒါလဲပြီးရော နောက်ထပ်ယုန်
(၁၂) ကောင်ယူလာပြီး သူ့လိုလုပ်ဖို့ ကျနော်တို့တွေကိုပါ လာဆွယ်ပါရောလား။ ဖြစ်ချင်တော့ ကျနော်တို့အား
လုံးက တုတ်တုတ်မှမလှုပ်ကြဘူး။ အဲဒီမှာ နည်းပြအရာရှိက ချာလီ့တင်ပြမှုတခုလုံးကို ပြန်သိမ်းခိုင်း
လိုက်ပါတယ်။ ဒါပေမယ့် သကောင့်သားချာလီကတော့ (A) အဆင့်ရလိုက်လေရဲ့။ အပြစ်မရှိတဲ့ယုန်လေးတွေ
ကို ဘယ်သူကမှရေနှစ်မသတ်ချင်ကြဘူးပေါ့ဗျာ။ (ဆက်လက်ဖေါ်ပြပါမည်)

Daniel Kane

Advertisements