သူရဲကောင်းဆိုတာ… အခန်း (၅) ၊ တတိယပိုင်း

Daniel Kane၊       ၊၀က်စ်ပွိုင့်ဗိုလ်လောင်းဘ၀မှာ နေ့စဉ်လိုလိုပဲ ကျနော်တို့ကိုစောင့်ကြည့်ပြီး စစ်ဆေးတာ
ကိုခံနေရပါတယ်။ ကျနော့်အနေ   နဲ့တော့ နည်းနည်းအားစိုက်လိုက်တာနဲ့ ထိပ်ပိုင်းစာရင်းထဲ
ကိုတောက်လျှောက်ဝင်နေတော့ပါပဲ။  ကျနော်ကတော့ အဲဒီထက်ပိုပြီးကြိုးစားချင်ဖို့တော့ ဆန္ဒမရှိလှဘူး။
တော်ပြီပေါ့… အတန်းတခုစီမှာ ကျနော်တို့က Goat (ဆိတ်) နဲ့ Hive (ပျားအုံ) လို့ခေါ်နာမည်ဖျက်ခေါ်
တဲ့ကျောင်းသားတွေရှိပါတယ်။Goat တွေကတော့ Roll No. နောက်ဆုံးရတဲ့ကျောင်းသားတွေကိုပြောတာပါ။
Hive တွေကတော့  Roll No. ထိပ်ဆုံးကျောင်းသားတွေပေါ့။ သူတို့ကတော့ ကမ္ဘာပေါ်မှာဂုဏ်သိက္ခာ
အကြီးဆုံးလို့တောင် ဆိုကြတဲ့ Rhodes Scholarship (ရုတ်ဒ်ပညာသင်ဆု) ကိုချိန်နေကြတဲ့သူတွေ၊
ဒါမှမဟုတ် စာပေကဏ္ဍမှာ ထိပ်ဆုံးရောက်အောင်လို့ စွတ်ပြီးကြိုးစားနေကြတဲ့ကျောင်းသားတွေပေါ့ဗျာ။
ကာယကံရှင်တွေ အတွက်ကတော့ အဲဒီနာမည်ပြောင်တွေကတော့ စိတ်ပျက်စရာကြီးပါ။

ရွှပ်ဇကော့ဖ်…မင်းကတော့ Hive ကွ…

လို့ သူငယ်ချင်းတွေကလာပြောတဲ့အခါမျိုးတွေကျရင်တော့ ကျနော်စိတ်အနှောင့်အယှက်ဖြစ်မိပါတယ်။ ကျနော့်အနေနဲ့ ကိုယ့်ကိုပုံမှန်လူတယောက်လိုပဲ သူများတွေကလက်ခံစေချင်ပါတယ်။ ကျနော့်ရည်မှန်းချက်က စာပေကဏ္ဍမှာကောင်းအောင်၊ လူမှုရေးကဏ္ဍမှာကောင်းအောင်၊ အားကစားကဏ္ဍမှာကောင်းအောင်နဲ့ စစ်ရေးကဏ္ဍမှာလည်းကောင်းအောင်လောက်ပါပဲ။ ဒါပေမယ့်မြောက်တော့မမြောက်တတ်ပါဘူး။

ကျနော့်လိုအမြင်ရှိတဲ့ ဗိုလ်လောင်းတွေလည်းရှိပါတယ်။ အဆင့်တွေကောင်းရုံသာမကပဲ ပေါင်းလို့သင်းလို့ကောင်းပြီး ဘ၀ကိုပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်တဲ့ လူစားမျိုးတွေပေါ့ဗျာ။

လီရွိုင်းဆဒ်ဒက်သ် (Leroy) နဲ့ ဒေးဗစ်ဟော်တန် (David Horton) တို့ကတော့ လေးနှစ်လုံးလုံးကျနော့်အခန်းဖေါ်တွေပေါ့။ လူကောင်ကြီးကြီး၊ ရွှေရောင်ဆံပင်နဲ့ ဂျော်ဂျီယာပြည်နယ်သား လီရွိုင်းက အသံသြသြနဲ့ဟာသညဏ်တော်တော်ရွှင်တဲ့ လူငယ်တယောက်ပေါ့။ လီရွိုင်းရဲ့အဖေနဲ့အစ်ကို နှစ်ယောက်လုံးက ၀က်စ်ပွိုင့်မှာ တက်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် မလိုက်နိုင်လို့နှစ်ယောက်လုံးကျောင်းထွက်သွားကြပါတယ်။ အဲဒီအစဉ်အလာကိုချေဖျက်ဖို့ လီရွိုင်းကသန္ဓိဋ္ဌာန်ချထားပါတယ်။ ၀က်စ်ပွိုင့်ကစရောက်လာတော့ သူကကောလိပ်တက်နေတာ တတိယနှစ်တောင်ရောက်နေပြီလေ။

လီရွိုင်းကအော်ဘန်းတက္ကသိုလ် (Auburn University) အသင်းအတွက် ကစားခဲ့တဲ့သူတယောက်ပါ။ ဒါပေမယ့် ၀က်စ်ပွိုင့်မှာလိုက်မှီနိုင်အောင် သူလည်းတော်တော်ကိုကြိုးစားနေရပါတယ်။ သိသိသာသာပဲ လီရွိုင်းမှာခေါင်းဆောင်မှုအရည်အသွေးရှိတယ်ဗျ။ အဲဒါကို တခြားဗိုလ်လောင်းတွေကလည်း ချက်ချင်းလိုလိုပဲ သတိထားမိကြတယ်။ ဖြစ်ချင်တော့ စာပေကဏ္ဍမှာလီရွိုင်းက အဆင့်တွေသိပ်မကောင်းလှတော့ နှစ်နှစ်လောက်ကြာမှပဲ သူ့အရည်အချင်းကိုနည်းပြအရာရှိတွေက အသိအမှတ်ပြုလာကြတယ်။

သာ့ဒ်ရီးယားပြီးတော့ နွေရာသီလေ့ကျင့်ရေးအစီအစဉ်တခုအတွက် ကျောင်းကနေသူ့ကို နယူးဂျာစီပြည်နယ်က ဖို့ဒ်ဒစ်ခ် (Fort Dix) ကိုပို့လိုက်ပါတယ်။ အဲဒီမှာလီရွိုင်းက ဗိုလ်အဆင့်အရာရှိတဦးရဲ့တာဝန်ကို ထမ်းဆောင်ရပါတယ်။ ပြီးတော့ လီရွိုင်းလည်း သူနဲ့ပတ်သက်ပြီး အားတက်သရောရှိကြတဲ့ထောက်ခံသုံးသပ်ချက်တွေနဲ့ပြန်ရောက်လာပါတယ်။ အဲဒီဖို့ဒ်ဒစ်ခ်ကစစ်သည်တွေက လီရွိုင်းကိုတော်တော်နှစ်သက်ကြပါတယ်။

ကျနော်ကလည်းလီရွိုင်းကိုအရောက်ပို့သလိုဖြစ်နေမိတယ်ဗျာ။ ကျနော်ကညဏ်ကောင်းတော့ စာသိပ်ကျက်စရာမလိုဘူးလေ။ စာကျက်ရမယ့်အစား လီရွိုင်းနဲ့ကျနော်နဲ့က တော်ကီပွားလိုက်၊ ချောက်ပေါက်တွေလျှောက်လုပ်လိုက်နဲ့ ဒေးဗစ်လည်းရေလည်ညစ်လာတယ်။ ဒေးဗစ်ကလူကောင်ကြီးကြီး ဘော်ဒီခပ်တောင့်တောင့်နဲ့ အိမ်စာမှန်မှန်လုပ်မယ်ဆိုတဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်က ကို့ဖ်ခရိခ် (Cove Creek) မြို့သားပါ။

ကျနော်တို့ Probability (ဖြစ်နိုင်ချေ) ကိုလေ့လာနေကြတဲ့ ဒီဇင်ဘာညတညမှာပေါ့… စာကြည့်ရတာပျင်းလာတာနဲ့ လီရွိုင်းနဲ့ကျနော်တို့ Probability နဲ့ပတ်သက်တဲ့ စမ်းသပ်မှုတခုလုပ်ကြမယ်လို့ဆုံးဖြတ်လိုက်ကြတယ်။ အဲဒါနဲ့ပြတင်းပေါက်တံခါးကိုဖွင့်လိုက်တော့ ရေခဲလိုအေးစက်နေတဲ့လေက အခန်းထဲကိုဝင်ချလာတော့တာပေါ့။ ကျနော်တို့လဲ ပြတင်းပေါက်ကနေ အခန်းထဲကို သစ်ရွက်တရွက်ဝင်လာနိုင်ချေကို အလေးအနက် ဆွေးနွေးနေကြတာပေါ့ဗျာ။ အခန်းထဲကဒေးဗစ်တယောက်ခမျာတော့ သူ့စားပွဲပေါ်ကစာရွက်တွေတထပ်ကြီးကိုကိုင်ထားပြီး

ဟေ့ကောင်တွေ… ငါစာလုပ်စရာရှိသေးတယ်လေကွာ… လို့ထအော်တော့တာပါပဲ။ စာမှန်မှန်လုပ်တဲ့ ဒေးဗစ်အဆင့်ကတော့ အတန်းထဲမှာအလယ်လောက်ရှိပါတယ်။ ဒါပေမယ့် ခေါင်းဆောင်မှုနဲ့ပတ်သက်လာရင်တော့ သူလည်းပဲ ထိပ်ဆုံးမှာရှိပါတယ်။

ကျနော်တို့က စနေနေ့မွန်းလွဲပိုင်းနဲ့ ညပိုင်းတွေမှာ အားလပ်ချိန်ရပေမယ့် ကျောင်းပြင်ထွက်ခွင့်မရှိတော့ ဗိုလ်လောင်းတွေနဲ့တွေ့ချင်လို့ နယူးဂျာစီ (New Jersey) နဲ့ လေဲာင်းအိုင်းလဲန်း (Long Island) ကနေလာတတ်တဲ့ မိန်းကလေးတွေကိုပဲ အားထားရပါတယ်။ စနေနေ့ညဘက်တွေမှာတော့ စုံတွဲကပွဲတွေလုပ်ပါတယ်။ ကျနော်တို့ကတော့ ယူနီဖေါင်းတွေနဲ့၊ မိန်းကလေးတွေကတော့ သူတို့တွဲကချင်တဲ့ ယောက်ျားလေးစာရင်း (Dance Card) တွေနဲ့ပေါ့ဗျာ။ လူမြင်ကွင်းမှာတော့အချစ်တွေထုတ်ပြလို့မရဘူးဆိုတဲ့ တင်းကြပ်တဲ့စည်းကမ်းထုတ်ထားပါတယ်။ ယူနီဖေါင်းဝတ်ထားတဲ့အချိန်မှာ မိန်းကလေးတွေကို လက်မကိုင်ရဘူး၊ မဖက်ရဘူး၊ ကစ်စင် (Kissing) မဆွဲရဘူး။

ချစ်သူတို့လမ်း (Flirtation Walk)

စီနီယာဗိုလ်လောင်းတွေကတော့ သူတို့အတွဲတွေကို ချစ်သူတို့လမ်း (Flirtation Walk) ကိုခေါ်သွားလို့ရပေမယ့် ကျနော်တို့ ဖတ်စ်ရီးယားဗိုလ်လောင်းတွေကတော့မရပါဘူးဗျာ။ ကျနော်တို့သွားခွင့်ရှိတဲ့ တခုတည်းသောနေရာကတော့ ကျောင်းအနောက်
ဘက်မှာရှိပြီး တော်လှန်ရေးစစ်ကြောင့် ပျက်စီးခဲ့တဲ့ ဖို့ဒ်ပု(တ်)နဲမ် (Fort Putnam) လို့ခေါ်တဲ့ ခံတပ်ဟောင်းပါ။

Fort Putnam


ဖတ်စ်ရီးယားပြီးသွားလို့ စက္ကဲန်းရီးယားရောက်လာတော့ အနေအထားတွေတိုးတက်လာပါတယ်။ တချို့ပိတ်ရက်တွေကျရင် ကျနော်တို့စော်တွေက သူတို့ကားတွေနဲ့ကျနော်တို့ကိုလာခေါ်ပြီး ကျနော်တို့တွေ နယူးယောက်မြို့က ပြဇာတ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ပါတီပွဲတွေကိုချီတက်လို့ရလာပါတယ်။ တိုင်းမ်စကွဲ (Time Square) နားမှာ ကျနော်တို့ဗိုလ်လောင်းတွေစခန်းချကြတဲ့ ပစ်ကာဒလ်လီ (Piccadilly) လို့ခေါ်တဲ့ ဟော်တယ်တခုရှိတယ်။ အဲဒီဟိုတယ်မှာ ဗိုလ်လောင်းခြောက်ယောက်၊ ခုနစ်ယောက်လောက်စုပြီး အခန်းငှားလိုက်ပြီး ကိုယ့်စော်တွေအသီးသီးနဲ့ကဲကြတာပေါ့။ ဟိုတယ်စီမံခန့်ခွဲရေးဋ္ဌာနက အဲဒီတထပ်လုံးကို နောင်တခေတ်ရဲ့အောင်စစ်သည်တွေအတွက်သီးခြားဖယ်ထားပေးပါတယ်။

Hotel Piccadilly, NYC


ဗိုလ်လောင်းတွေကလဲ မနက်သုံးနာရီလောက်ထိ ၀င်လိုက်ထွက်လိုက်ကြ၊ အော်လိုက်ဟစ်လိုက်ကြနဲ့ ပွဲခံနေကြပေမယ့်လည်း တထပ်လုံးကကိုယ့်အချင်းချင်းတွေချည်းပဲဆိုတော့ ပြဿနာတော့မရှိလှပါဘူး။ ၀က်စ်ပွိုင့်စစ်တက္ကသိုလ်အနေနဲ့ကတော့ မန်ဟက်တန် (Manhattan) စီရင်စုမှာဘာပဲဖြစ်ဖြစ် သိပ်ဂရုမစိုက်ပါဘူး၊ အထူးသဖြင့်ယူနီဖေါင်းဝတ်မထားရင်ပိုပြီးဂရုမစိုက်ပါဘူး။ အဓိကစည်းကမ်းသတ်မှတ်ချက်တခုကတော့ နိုင်ငံတော်က ကျောင်းစရိတ်ထောက်ပံ့မှုယူနေရတဲ့ ဗိုလ်လောင်းတွေဟာလက်ထပ်ခွင့်မရှိပါဘူး။ က ကလေးတွေ၊ မိန်းမတွေနဲ့ ကျနော်တို့ အာရုံနောက်နေမှာကို Uncle Sam ကမလိုလားပါဘူး။ (မှတ်ချက်။ Uncle Sam သည်အမေရိကန်နိုင်ငံတော်ကိုဆိုလိုခြင်းဖြစ်ပါသည်)

စနေနေ့တညလုံးကဲပြီးတော့ တနင်္ဂနွေနေ့မှာကျောင်းပြန်ရောက်လာရင်တော့

“ ကျနော်လက်မထပ်ခဲ့ပါ၊ ဘယ်တုန်းကမှလဲလက်မထပ်ဖူးပါ…”

ဆိုတဲ့ဝန်ခံကတိပြုချက်မှာလက်မှတ်ထိုးကြရပါတယ်။

ခရစ္စမတ်နဲ့အီစတာပွဲတော်ပိတ်ရက်တွေမှာ ပုံမှန်လုပ်နေကျကတော့ နယူးယောက်မြို့ဆင်ခြေဖုံးကျတဲ့ နယူးဂျာစီပြည်နယ်က အလွန်အမင်းကိုတိတ်ဆိတ်ငြိမ်သက်လှတဲ့ မေပယ်လ်ဝုဒ်မြို့လေးမှာနေတဲ့ အဖေနဲ့အမေတို့ဆီကို သွားလည်ပါတယ်။ အဖေက စစ်ဘက်ကအငြိမ်းစားမယူခင်လေးမှာ နယူးဂျာစီပြည်နယ်၊ ဥပဒေနှင့်ပြည်သူ့လုံခြုံရေးဋ္ဌာန (Department of Law and Safety) က အသစ်တီထွင်လိုက်တဲ့ရာထူးဖြစ်တဲ့ အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားရေးမှူး (Administrative Director) ရာထူးကို လက်ခံခဲ့ပါတယ်။ အဖေက Waterfront Rackets လူသတ်မှုကိုစစ်ဆေးနေပါတယ်။

အဖေက မနက်တိုင်းလိုလိုပဲ ထရဲန်တန်မြို့ (Trenton) မှာရှိတဲ့ သူ့ရဲ့ရုံးခန်းကို မိနစ် (၉၀) ကြာအောင်ကားမောင်းပြီးသွားရပါတယ်။ အဖေကကားမောင်းရတာကိုကြိုက်ပါတယ်။ ကားနံပတ် (၁၂) နဲ့ ဗျုခ် (Buick) ကားက အဖေ့အတွက်ရုံးကပေးထားတဲ့ကားပါ။ ကားမောင်းရင်းနဲ့ အဖေက အမြဲတမ်း ပြည်နယ်ရဲတပ်ဖွဲ့ဝင် (State Trooper) တွေကိုလိုက်ရှာကြည့်တတ်ပါတယ်။ ပြည်နယ်ရဲတယောက်ကိုဖြတ်ပြီးမောင်းမိတိုင်း အဖေကလက်ပြပြီးနှုတ်ဆက်တတ်ပါတယ်။

“အဲဒါအဖေ့တပ်ဖွဲ့ဝင်တယောက်ကွ…” လို့ပြောလေ့ရှိပါတယ်။ ညနေစောင်းရင်တော့ အဖေအိမ်ပြန်လာပြီး အမေနဲ့အရက်လေးဘာလေးတူတူသောက်မယ်၊ ထမင်းစားမယ်၊ စားပြီးရင် တီဗီကြည့်တတ်ပါတယ်။ မေပယ်ဝုဒ်မြို့ကလေးက လောရဲန့်စ်ဗီးလ်နဲ့ ပရင့်စ်တန်မြို့တွေလိုမဟုတ်ပဲ ခေတ်ဆန်တဲ့မြို့ဖြစ်ပေမယ့် အဖေနဲ့အမေတို့က မေပယ်လ်ဝုဒ်ရဲ့လူမှုရေးပွဲလမ်းသဘင်တွေမှာ သိပ်ပြီးတက်တက်ကြွကြွဝင်နွှဲတာမျိုးမရှိတော့ဘူး။ တစိတ်တပိုင်းအားဖြင့် အမေအရက်သောက်တာကြောင့်ဖြစ်နိုင်သလို၊ တခြား…တယ်ရန်၊ ဂျာမနီနဲ့ ရောမမြို့တွေမှာလူမှုရေးအခမ်းအနားတွေတက်ခဲ့ရလွန်းလို့လဲဖြစ်နိုင်တယ်လို့တော့ ကျနော်ထင်မိပါတယ်။

မေရီလဲန်းပြည်နယ်၊ ဖို့ဒ်မိဒ်ရှိ အမေရိကန်နိုင်ငံတော်လုံခြုံရေးဋ္ဌာန (NSA)


ကျောင်းပိတ်ရက်ရှည်တွေမှာတော့ အဖေ့ကားခဏငှားပြီး ၀ါရှင်တန်ဒီစီ (Washington, D.C) ကိုဒိုးတယ်။ အဲဒီမှာအရင်ဂျာမနီမှာတုန်းကဖွဲ့ခဲ့တဲ့ကျနော်တို့ရဲ့ Hoods အဖွဲ့က သူငယ်ချင်းတချို့လည်းနေနေကြတယ်လေ။ နောက်အဲဒီမှာ…ကျနော်လဲ ရည်းစားတွေတော်တော်များများ ထားဖြစ်ခဲ့ပါသေးတယ်။ အဲဒီမှာနေတဲ့ တခြားဗိုလ်လောင်းသူငယ်ချင်းတွေနဲ့လဲဆုံဖြစ်တယ်။ ဂျော့ရှ်တောင်း (Georgetown) မြို့က အစ်မဆယ်လီရဲ့အိမ်လေးမှာလဲ ခဏတဖြုတ်ကျနော်တို့သွားနေဖြစ်ကြသေးတယ်။ ဆယ်လီက စမစ်သ်ကောလိပ်ကကျောင်းပြီးသွားတော့ နိုင်ငံတော်လုံခြုံရေးဋ္ဌာန (National Security Agency, NSA) မှာအလုပ်ဝင်နေပါတယ်။ သူ့တာဝန်ကဘာလဲဆိုတာကိုတော့ ဘယ်တော့မှပြောလေ့မရှိပါဘူး။

ရုသ်အဲန်းနဲ့ကတော့မတွေ့ဖြစ်သလောက်ပါပဲ။ သူကလူမှုရေးဝန်ထမ်းတယောက်အဖြစ် အလုပ်လုပ်နေပြီး ရုတ်ဒ်အိုင်းလဲန်း (Rhode Island) က ဖရောဗီးဒဲန့်စ်မြို့ (Providence) ကိုပြောင်းသွားပါတယ်။ ရုသ်အဲန်းတယောက်ကတော့ ရုတ်ဒ်အိုင်းလဲန်းမှာ ပြဿနာတွေ ထပ်ရှာနေဦးမယ်ဆိုတာကတော့ သေချာသလောက်ပါပဲ။

အဖေ့အနေနဲ့ကတော့ ၀က်စ်ပွိုင့်စစ်တက္ကသိုလ်မှာတော့ မယုံနိုင်စရာကောင်းလောက်အောင်ကို မြင့်မားလှတဲ့ အားကစားစွမ်းဆောင်ရည်မှတ်တမ်းရှိပါတယ်။ ကျနော့်မှတ်တမ်းကတော့ အဲဒီလောက်မကောင်းပါဘူး။ အမေရိကန်ဘောလုံးကစားရတာကတော့ စိတ်ပျက်စရာအကောင်းဆုံးပါပဲ။ ခံစစ်ရော တိုက်စစ်ရောအစုံကစားရတယ်ဗျာ။ ကျနော်ကစားလို့ဘယ်လိုမှအဆင်မပြေတာ ချက်ချင်းလိုလိုပဲသိသာလာပါတယ်။

ဝက်စ်ပွိုင့်မှာက တသင်းလုံးက တိုက်စစ်ရော ခံစစ်ရောကစားတဲ့ One Platoon စနစ်နဲ့ကစားပါတယ်။ ခံစစ်ကတော့ ကျနော့်အတွက်အဆင်ပြေပါတယ်။ ဒါပေမယ့် တိုက်စစ်လဲကျရော လေးနေတော့ နောက်တန်းပြန်ဆင်းလာတဲ့ ကျနော့်အသင်းသားတွေရဲ့ ပြေးလမ်းကြောင်းထဲကို ရောက်ရောက်သွားတယ်။ ဘောလုံးရာသီလဲကုန်ရော ကျနော်လဲ တခြားအားကစားနည်းတွေဘက်ကိုခြေဦးလှည့်ပြီး နပမ်း၊ ရိုးရိုးဘောလုံးနဲ့ အပြေးတွေမှာ ကျောင်းလက်ရွေးစင်အသင်းတွေထဲဝင်ကစားဖြစ်ပါတယ်။

စစ်ဘက်ရေးရာမှာတော့ကျနော့်အခြေအနေတော်တော်ကောင်းပါတယ်။ စစ်ယူနီဖေါင်းဝတ်ရတာကိုလဲကြိုက်တယ်။ စစ်ရေးပြအခမ်းအနား (Parade) တွေမှာ အဖေနဲ့အမေရယ်၊ ဒါမှမဟုတ် ကျနော့်ရည်းစားတယောက်ယောက်ရယ်လာအားပေးကြတာကို သဘောကျပါတယ်။ ဗိုလ်လောင်းအရာရှိ အဖြစ် ရာထူးတွေရလာတာကိုလဲကြိုက်တယ်။ သာ့ဒ်ရီးယားနှစ်မှာ ဗိုလ်လောင်းအကြပ် (Cadet Coporal) အဖြစ်ခန့်အပ်ခံရပါသေးတယ်။ ဗိုလ်လောင်းအကြပ်ဆိုတာက အတန်းတတန်းစီမှာရှိတဲ့ Second Classmen (သာ့ဒ်ရီးယားဗိုလ်လောင်းတွေ) အနက်က သုံးပုံတပုံလောက်ခန့်အပ်ခံရတဲ့ရာထူးတခုပါ။

A
ဗိုလ်လောင်းအရာရှိများ၏လက်မောင်းတွင်တပ်ဆင်ရသောရာထူးအဆင့်တံဆိပ်များ

ဖိုင်နယ်ရီးယားရောက်တော့ ဗိုလ်လောင်းတပ်ခွဲမှူး (Company Commander) အဖြစ်ခန့်အပ်ခံရပြီး၊ အဲဒီနောက် ဗိုလ်လောင်းတပ်မဟာမှူး (First Captain) အဖြစ်ခန့်အပ်ခံရပါတယ်။ ဗိုလ်လောင်းတပ်မဟာမှူးဆိုတဲ့ရာထူးကတော့ ၀က်စ်ပွိုင့်မှာဗိုလ်လောင်းတွေကိုခန့်အပ်တဲ့ ဗိုလ်လောင်းအရာရှိရာထူးများအနက် အမြင့်ဆုံးသောရာထူးပါ။

ဝက်စ်ပွိုင့်စစ်တက္ကသိုလ်ဗိုလ်လောင်းများ၏ အဆင့်ဆင့်ကွပ်ကဲမှုစနစ် (Chain of Command) မှာ First Captain (ဗိုလ်လောင်းတပ်မဟာမှူး)၊ ၄င်း၏ကွပ်ကဲမှုအောက်၌ Regimental Commander (ဗိုလ်လောင်းတပ်ရင်းကြီးမှူး) ၂ ဦး၊ ယင်းတို့၏ကွပ်ကဲမှုအောက်၌ Battalion Commander (ဗိုလ်လောင်းတပ်ရင်းမှူး) ၆ ဦး၊ ယင်းတို့လက်အောက်၌ Commander Commander (ဗိုလ်လောင်းတပ်ခွဲမှူး) ၂၄ ဦးရှိပြီး၊ ဗိုလ်လောင်းတပ်ခွဲမှူးတဦးချင်းစီမှ ဗိုလ်လောင်းအင်အား (၁၀၀) အား ကွပ်ကဲအုပ်ချုပ်သည်။

ဗိုလ်လောင်းအရာရှိဖြစ်လာတော့ ပထမဆုံးသော ခေါင်းဆောင်မှုအခြင်းအရာ (Leadership) ကို စတင်ထိတွေ့ခဲ့ရပြီး ကျနော့်အနေနဲ့အဆင်ပြေပြေနဲ့လုပ်ဆောင်နိုင်တယ်ဆိုတာကိုတွေ့ရပါတယ်။ ၀က်စ်ပွိုင့်စစ်တက္ကသိုလ်ရဲ့စနစ်မှာ ဗိုလ်လောင်းတပ်ရင်းတွေအားလုံးကို First Classmen (ဖိုင်နယ်ရီးယားဗိုလ်လောင်းတွေ) ကကွပ်ကဲအုပ်ချုပ်ပါတယ်။ နည်းပြအရာရှိတွေကတော့ ကြီးကြပ်ပေးပါတယ်။

ဗိုလ်လောင်းတပ်ခွဲမှူးဖြစ်လာတော့ မနက်အိပ်ယာထခရာမှုတ်တဲ့အချိန်ကစပြီး ညဘက်မီးပိတ်ချိန်အထိ အဆောင်ကဗိုလ်လောင်းတွေအားလုံးနဲ့ပတ်သက်ပြီးတာဝန်ရှိလာပါတယ်။ နေ့စဉ်တန်းစီတာစပြီး၊ ကင်းချတာ…ရန်ပွဲတွေကိုရှင်းရတာတွေအထိပါပဲ။ ကျနော့်အနေနဲ့ ကိုယ်တိုင်တော့လိုက်မလုပ်ပါဘူး။ ကျနော့်ကွပ်ကဲမှုအောက်မှာ ဗိုလ်လောင်းတပ်စုမှူးတွေနဲ့ ဗိုလ်လောင်းအကြပ်ကြီးတွေနဲ့ ဗိုလ်လောင်းအကြပ်တွေရှိပါတယ်။ ဒါပေမယ့်လည်း ပြဿနာတခုခုတက်ပြီဆိုရင်တော့ တပ်ခွဲမှူးဖြစ်တဲ့ကျနော့်ခေါင်းပေါ့ဗျာ။

တရက်ကျတော့ ကျနော့်တပ်ခွဲကဗိုလ်လောင်းတွေစိတ်ဓါတ်ရေးရာပျက်ပြားနေတာကို သွားသတိပြုမိတယ်။ ပြဿနာက တပ်ခွဲတွင်းမှာ အုပ်စုတွေကွဲပြီး အချင်းချင်းစောင်နေကြတာ။ အဲဒါနဲ့ တဖြည်းဖြည်းကြီးလာနေတဲ့ အုပ်စုတွေကိုဖျက်ပစ်ဖို့ ကျနော်စီစဉ်ရပါတယ်။ အုပ်စုက (၃) စုကွဲနေပါတယ်။

  • တင်းကြပ်တဲ့စည်းကမ်းတွေရှိသင့်တယ်လို့ခံယူတဲ့ စစ်သွေးစစ်မာန်တွေ အလွန်တက်ကြွတဲ့အုပ်စု (Military Zealots)… ရဲဘော်မသေ…အုပ်စုပေါ့ဗျာ
  • အလိုက်အထိုက်နေကြတဲ့အုပ်စု
  • အများနဲ့မရောပဲကိုယ့်ဖီးလ်နဲ့ကိုယ်နေကြတဲ့အုပ်စု

ဆိုပြီး (၃) စုကွဲနေပါတယ်။ အလယ်ကအုပ်စုကတော့ ကျနော့်လိုအလိုက်အထိုက်နေကြတဲ့အုပ်စုပါ။

ငါကတပ်ခွဲမှူးကွ…အဲဒီတော့…မင်းတို့အနေနဲ့ငါပြောတာကိုလိုက်လုပ်ဖို့လိုအပ်နေတယ်…

လို့ဆိုပြီးဖြဲလိုက်ရင်တော့ အဲဒီအုပ်စုဖွဲ့တဲ့ဇာတ်လမ်းတွေလဲတခန်းရပ်ပြဇာတ်ဖြစ်သွားပါလိမ့်မယ်။

အီတလီနိုင်ငံရေးတွေးခေါ်ပညာရှင် နစ်ကိုလိုမက်ခီယာဗယ်လီ (၁၄၆၉-၁၅၂၇)


ဒါပေမယ့်ခေါင်းဆောင်ကောင်းတယောက်ဆိုတာက အဲဒီလိုခပ်တုံးတုံးအကွက်တွေမနင်းရဘူးဗျ။ အဲဒါမျိုးကညဏ်ရည်နိမ့်တဲ့ ဂလယ်အူကြောင်တွေလုပ်တာ။ ဒါမျိုးဆိုတာက ပညာသားပါပါလေးနဲ့လုပ်ရတယ်လေ။ အဲဒီတော့ ပထမဆုံးသူတို့တဖွဲ့ချင်းစီနဲ့လိုက်ဖက်တဲ့ တာဝန်ဝတ္တရားတွေကိုပေးလိုက်ပြီးသူတို့ရဲ့အင်အားတွေကိုအသုံးချလိုက်တယ်။ ပြောရရင်တော့ ဦးနှောက်ဖေါက်စားပြီး ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်လိုက်တာပေါ့ဗျာ။ တကယ်လို့ အဲဒီလိုလုပ်တဲ့ခေါင်းဆောင်မျိုးက မက်ခီယာဗယ်လီ (Machiavelli) လမ်းစဉ်ကိုကျင့်သုံးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်လူစားမျိုးမဟုတ်ရင်တော့ ဒီအလုပ်မျိုးကအဆင်မပြေလှပါဘူး။ ဒါပေမယ့် ကိုယ်ပေးလိုက်တဲ့တာဝန်ကိုကောင်းကောင်းဆောင်ရွက်ခဲ့ပြီးလို့ ကိုယ့်ဆီကိုပြန်လာပြီး သတင်းပို့တဲ့အချိန်မှာ “ဘာထပ်လုပ်ပေးရဦးမလဲ”  လို့မေးလာတာကိုကြားရတာကတော့ နားထောင်လို့ကောင်းတာအမှန်ပဲဗျ။

အလိုက်အထိုက်နေတတ်တဲ့အုပ်စုထဲက ဗိုလ်လောင်းတယောက်က အနုပညာဆန်တဲ့အလုပ်တွေမှာ ကျွမ်းကျင်မှုရှိတယ်။ အဲတော့ တပ်ခွဲမတ်ခွက်အတွက် ဒီဇိုင်း (Company Mug Design) ဆွဲပေးဖို့တာဝန်ကိုသူ့ကိုပေးအပ်လိုက်ပါတယ်။ အဲဒီမတ်ခွက်ကိုကျနော်တို့က ကော်ဖီမတ်ခွက်အနေနဲ့သတ်မှတ်ကြပေမယ့် အမှန်ကတော့ ဘီယာမတ်ခွက်ပေါ့ဗျာ။ ဒီဇိုင်းဆွဲပြီးသွားတော့ မတ်ခွက်ကိုတံဆိပ်ရိုက်ပြီး အားလုံးအပြီးအစီးထိဆက်လုပ်ဖို့ တာဝန်ဆက်ပေးလိုက်ပါတယ်။

အင်း..အဲဒီမှာ စစ်သွေးစစ်မာန်တွေအရမ်းပြင်းထန်တဲ့ ရဲဘော်မသေ…အုပ်စုနဲ့ အကိုက်ဆုံးအလုပ်တခုကို ထပ်တွေ့တယ်။ အဲဒါကတော့…ဖတ်စ်ရီးယားဗိုလ်လောင်းတွေကို ကောင်းကောင်းကျပ်ဖို့ပါ။ ခိုင်းသာခိုင်းရပေမယ့် စိတ်ထဲမှာတော့ တော်တော့်ကိုမကောင်းလှဘူး။ သိတဲ့အတိုင်းပဲ ရဲဘော်မသေ…တွေက ဖတ်စ်ရီးယားတွေကို သတိမတ်နေအောင်ဆွဲခိုင်းပြီးကျပ်၊ ဖိနပ်ပြန်တိုက်ခိုင်းတာတို့..တခြားသူတို့အမြင်မတော်တာတွေလုပ်ခိုင်းတာတို့နဲ့ ရေလည်ကိုကျစ်တာ၊ အုပ်တာလေ။ ဒါပေမယ့် ဖတ်စ်ရီးယားတွေကို ကျပ်တာ၊ လေ့ကျင့်ပေးတာတွေကို အတိုင်းအတာတခုအထိသတ်မှတ်ထားပါတယ်။

အရမ်းပြင်းထန်လာပြီဆိုရင်တော့ ကျနော်ခပ်မြန်မြန်ကြားဝင်ပြီးပွဲထိန်းလိုက်တယ်။ ကျနော့်အနေနဲ့ကတော့ ဖတ်စ်ရီးယားဗိုလ်လောင်းတွေကို သင်ကြားပြသပေးတာ၊ စံနမူနာကောင်းပြပြီးအတုယူစေပြီး ပထမနှစ်တနှစ်ကိုသူတို့အောင်မြင်စွာနဲ့ဖြတ်သန်းသွားနိုင်အောင် ကူညီပေးတာတွေကနေ ပိုကောင်းတဲ့ရလာဒ်တွေကိုထွက်ပေါ်လာစေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ (ဆက်လက်ဖေါ်ပြပါမည်…)

Advertisements