ခြေသုတ်ဖုံလေး ရဲ့  အသံတိတ်တရား

အရှင်ဥာဏိန္ဒ (တန့် ဆည်) အင်္ဂလိပ်စာလုံး WELCOME ရိုက်နှိပ်ထားသော ခြေသုတ်ဖုံတစ်ခုကို
လွန်ခဲ့သောနှစ်လခန့်က  ၀ယ်ယူဖြစ်ခဲ့သည်။ အရောင်အသွေးက အနီရောင် ။ ပြုလုပ်ထားသည့်
အခြေခံပစ္စည်းက ရော်ဘာ ။

မျက်နှာပြင်ကြမ်းစေရန် ရော်ဘာအမျှင်စများကို နွယ်မျှင်များသဖွယ် ယှက်လိမ်၍လုပ်ထား၏ ။

အိမ်အ၀င်ဝ ကြမ်းပြင်ပေါ် သို့ ခြေသုတ်ဖုံကလေး ရောက်ခါစကတော့ တင့်တင့်တယ်တယ် ၊ အိနြေ္ဒရရ ၊ သပ်သပ်ရပ်ရပ် ။

နောက်တော့ ခြေသုတ်ဖုံတို့၏ ထုံးစံအတိုင်း ခြေဖ၀ါးမျိုးစုံ၌ ကပ်ငြိလာသော သဲများ ၊ ဖုန်မှုန့်များ ၊
အညစ်အကြေးအစအန များကိုလက်ခံရလေသည် ။ သည်ကြားထဲ ဧည့်သည်အချို့၏ ခပ်ကြမ်းကြမ်းပွတ်
နင်းမှုကြောင့် ရော်ဘာအမျှင်စတို့ ပြတ်ထွက်ကုန်၏ ။ ၀ယ်ယူထားသည်မှာ မကြာသေး ၊ ရော်ဘာအမျှင်တို့သည်
ကွက်တိကွက်ကျား ဖြစ်လာတော့သည် ။ ၀ဲစားထားသော ခွေးနှယ်ဖြစ် လာ၏ ။

နှစ်လခန့်အချိန်ကာလအတွင်း၌ ခြေဖ၀ါးအစုံတို့၏ ဖိနှိပ်ပွတ်ခြေမှုကြောင့် ခြေသုတ်ဖုံကလေးသည်
WELCOME စာလုံး တစ်ခုသာ ထင်ထင်လင်းလင်းကျန်တော့၏ ။ WELCOME စာလုံးကို ခြံရံထားသော
ရော်ဘာအမျှင်စ ကြမ်းရှရှမျက်နှာပြင်သည် ခေါင်းတုံးပြောင်ဖြစ်လာခဲ့ပြီ ။

ခြေသုတ်ဖုံကို ထုတ်လုပ်သော စက်ရုံက မည်သည့်ရည်ရွယ်ချက်ဖြင့် WELCOME စာလုံးကို ရိုက်နှိပ်ခဲ့သည်မသိ ။
အိမ်ကိုလာသည့် ဧည့်သည်ကို ကြိုဆိုသည့် စကားလုံးလား ။ သို့မဟုတ် မည်သူမဆို ကျွန်တော်မျက်နှာပေါ်၌
အညစ်အကြေးများကို ခါချသုတ်ပစ်နိုင်ပါသည်ဟု ခြေသုတ်ဖုံကလေးက ကြိုဆိုလိုက်သည့် စကားလုံးလား ။
သို့တည်း မဟုတ် ……. ။

ဘာပဲဖြစ်ဖြစ် ခြေသုတ်ဖုံကလေးကတော့ စုတ်ပြတ်ပဲ့ရွဲ့ သွားခဲ့ပြီ ။မျက်နှာပြင်ကို မှောက်လှန်၍ ကြမ်းပေါ်ရိုက်ချ
လိုက်သောအခါ သဲတွေ ၊ ရွှံ့တွေ တစ်ထွေးကြီး ပြုတ်ကျကုန်သည် ။ လူတကာ၏ ခြေဖ၀ါးမှစွန့်ပစ်ထားရစ်ခဲ့သော
သဲတွေ ၊ ဖုန်တွေ ၊ ရွှံတွေကို ထမ်းထားရသဖြင့်လည်း ခြေသုတ်ဖုံကလေးသည် လေးမှန်းမသိလေးခဲ့ရပြီ ။

အချိန်တိုင်းမှာ အာရုံမျိုးစုံတို့ ၀င်ချင်တိုင်းဝင် ၊ ထွက်ချင်တိုင်းထွက်နေသော စိတ်သည်ရော ခြေသုတ်ဖုံကလေးနှင့်
တူမနေပေဘူးလားဟု စဉ်းစားမိသည် ။

အာရုံတို့သည်ကာ လူတကာတို့၏ ခြေဖ၀ါးများနှင့် တူမနေပေဘူးလား ။

ကိလေသာတို့သည်ကား ခြေဖ၀ါးများနှင့်အတူ ကပ်ပါလာသော ဖုန်များ ၊ ရွှံ့ များ ၊ သဲများနှင့် တူမနေပေဘူးလား ။

သို့ဆိုလျှင် WELCOME ဆိုသည့် ဖိတ်ခေါ်စကားလုံးကလေးကရော……..

ဆရာအရှင်၏ အဆုံးအမစကားတစ်ခွန်းကို သတိရမိသည် ။

“ အတွေးအခေါ်ဆိုကတည်းက အတွေးက သူ့ဘာသာသူ နေတာ လေဗျာ ။ ခင်ဗျားက ဘာဖြစ်လို့သွားခေါ်ရတာတုံး ။
စိတ်ဆိုတာက ကြံစည်မယ် ၊ တွေးတောမယ် ၊ ဒါ သူ့သဘာဝပဲ ။ အဲဒါကို ငါ ကြံတယ် ၊ ငါ တွေးတယ် ၊ သွားမလုပ်လိုက်နဲ့လေဗျာ ။
ဒိဋ္ဌိဝင်လာတော့ တဏှာ လာလေရော ။ ဒါဆိုရင် အမျှင်တန်းရော ။ တွေးပြီး ကြံပြီး ပျောက်သွားတတ်တဲ့ သဘာဝတစ်ခုကို
ငါ့ အတွေးအခေါ် ၊ ငါ့ အကြံအစည် ဘယ်လောက်ကောင်းတယ်ဆိုပြီး လက်မ- မထောင်လိုက်နဲ့လေဗျာ ။ ဒါဆို မာန၀င်လာရော
မဟုတ်လား ။ ကိုယ့်အတွေးကိုယ်ပြန်နှစ်သက်နေတာက သက္ကာယဒိဋ္ဌိနဲ့ ယှဉ်ပြီး ဖြစ်တဲ့ တဏှာ ။ ကိုယ့်အတွေးအခေါ်ကြီး
ရှင်သန်နေတယ်လို့ ထင်နေတာက သဿတဒိဋ္ဌိကြီးပါဗျ ။ ကြည့်စမ်း ၊ အတွေးလေးတစ်လုံးကနေ နှလုံးသွင်းမမှန်တော့ ဖြစ်လာတဲ့
အဓမ္မ တွေက အများကြီး ။ အဲဒီ အဓမ္မကို ဓမ္မဖြစ်လာအောင် ပြောင်းယူတတ်ရမယ် ။ ဓမ္မပေါ်၍ ဓမ္မပျောက်တယ်ဆိုရင်
ပေါ်တဲ့နေရာတွင် ကိစ္စပြီးပါတယ် ။ အတွေးမဆက်ရင် သံသရာမရှည်ဘူး ။ အမျှင်မတန်းဘူး ။ ပေါ်ပြီး ပျောက်တာကို
မမြင်အောင်ဖုံးတာက အ၀ိဇ္ဇာ ၊ ပေါ်ပြီးပျောက်တာကို ဆက်နေသယောင် ချုပ်စပ်ပေးလိုက်တာက တဏှာ ။ အဲဒါကို
မြင်အောင်ကြည့်ဗျ ”

မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ်တို့မှ ၀င်လာကြသော အာရုံမှန်သမျှတို့သည် စိတ်နှင့်ရင်ဆိုင်ကြရစမြဲ ။ သို့ကြောင့်လည်း မြင်စိတ် ၊
ကြားစိတ် ၊ နံစိတ် ၊ အရသာသိစိတ် ၊ ထိသိစိတ်တို့ကား ချက်ချင်းပေါ်စမြဲ ။ ကာလမခြားပါဘဲ မနောဒွါရ၌ ကြံသိစိတ်လည်း
တစ်ပြိုင်တည်းပေါ်စမြဲ ။။ သတင်းပို့ပုံ ၊ လက်ခံပုံ ၊ တုံ့ပြန်ပုံတွေက မြန်လွန်းလှ၍ သာမန်လူတို့၏ဉာဏ်ဖြင့် မှီအောင်
သိနိုင်ဖို့ ခဲယဉ်းလှသည် ။ သို့အတွက် ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော် မှတ်တမ်းများမှတစ်ဆင့်သာ သိခွင့်ရနိုင်ပေသည် ။

အာရုံနှင့်စိတ်တို့ ဆုံခြင်းသည် ဆုံနေကျသဘာဝတစ်ခု ။

သို့သော် ဉာဏ်ပါသော စိတ်နှင့်အာရုံကို ဆုံဖြစ်ဖို့က အရေးကြီးသည် ။ စိတ်၌ ဉာဏ်ဦးစီးထားပါက အာရုံနှင့်အတူ ကပ်ငြိပါ
လာသော ကိလေသာကို ရိပ်မိနိုင်သည် ။ အာရုံဖြစ် – ပျက်ဆိုလျှင် ခေါင်းမြီးခြုံ၍ ပါလာသော ကိလေသာလည်း ဖြစ်ပျက်ပဲပေါ့ ။
တစ်ချိန်တည်းမှာ ဖြစ်ပြီးပျက်သောအာရုံနှင့် ဆုံလိုက်သော စိတ်တစ်လုံးလည်း ဖြစ်ပျက်သွားတာပဲပေါ့ ။ နောက်အစားထိုးစိတ်
အသစ်တစ်ခုနဲ့ အာရုံအသစ်ကိုရင်ဆိုင် ။ အစားထိုးစိတ်အသစ်မှာ ဉာဏ်ပါနေတော့ ရှေ့ က အာရုံနဲ့စိတ်တို့ အစုံလိုက်ပေါ် ၊
အစုံလိုက်ပျောက်တာကို ရိပ်မိ ။ ထိုပေါ်ပျောက်သဘာဝသည် ပုဂ္ဂိုလ်သတ္တ၀ါတွေ ပေါ်လာခြင်းမဟုတ် ။ ပျောက်သွားခြင်း မဟုတ် ။
အရိပ်အယောင်တွေ ( ပုံရိပ်ယောင်တွေ ) ပေါ်လာ ၊ ပျောက်ပျက်ကြခြင်းဖြစ်၏ ။ မျက်မြင်အထည်ခန္ဓာတွေ ပျောက်ကြ ၊
ပျက်ကြ ခြင်းမဟုတ် ၊ ဘုရားရှင်ညွှန်ပြခဲ့သော အတွင်းသဘာဝခန္ဓာတွေပေါ်ကြ ၊ ပျောက်ကြခြင်းမျှသာ ။

ကိုယ့်သန္တာန်တွင် ဤ အမြင်ကို အမှန်တကယ်သိမြင် ဆုံးဖြတ်ချက်ချနိုင်ပြီဆိုလျှင် ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်ရကျိုးနပ်ပြီ ။
ဤအမြင်ဆက်လက်ခိုင်မာအောင် လေ့ကျင့်သွားဖို့ကတော့ ကိုယ့်တာဝန်ပင် ။ အမြင်ဆုံးသည်အထိ ယုံယုံကြည်ကြည် စွဲကိုင်ေ
လျှာက်လှမ်းသွားဖို့ကလည်း ကိုယ့်သဒ္ဓါတရားအပေါ် မှုတည်သည် ။

ဘာပဲဖြစ်ဖြစ် ခြေသုတ်ဖုံကလေးက အသိပေးလိုက်သော တရားတစ်ပုဒ်သည်လည်း နှလုံးသွင်းတတ်လျှင် အဆင့်အတန်း
မနိမ့် ပါလားဟု လက်ခံနိုင်ကြမည်ဆိုပါလျှင်……………. ။

စေတနာများစွာဖြင့် ……..

အရှင်ဥာဏိန္ဒ (တန့် ဆည်)

Advertisements