အာဖရိက ဇစ် မြစ်ကို စိန်ခေါ်နေသော မြန်မာ့အရိုးများ ( ၁ )

by Aung Zaw Bo

အံသွားနှစ်ချောင်း၏ အတ္ထုပ္ပတ္တိ

မောင်သစ်ဆင်း

တကယ်လို့များ

ဒီရုပ်ကြွင်းတွေရဲ့ သက်တမ်းဟာ

အာဖရိကထက်များ

စောခဲ့မယ်ဆိုတာ သေချာခဲ့ရင်

လူဆင့်ကဲဖြစ်စဉ်သမိုင်းကြီးကို

အသစ်တဖန် ပြန်လည်ရေးသားကြရတော့မှာပါ။

 

(၁)

“ ဖေဖေ လူတွေ ဘယ်က ဖြစ်လာတာလဲ ဟင် ”ရေးလက်စ ဘောလ်ပင်ကို လွှတ်ချပြီး သားကြီးကို အလန့်တကြား လှမ်းကြည့်လိုက်တော့ အရုပ်တွေကြားမှာ ထိုင်နေတဲ့ ငါးနှစ်အရွယ် သားကြီးရဲ့ ရိုးသားစွာ လေးနက်နေတဲ့ မျက်နှာကို တွေ့လိုက်ရပါတယ် ။ မျက်ဝန်းအစုံက သိချင်စိတ်နဲ့ ရွှန်းလက်လို့။အလို …. ငါ့သားကြီး ဒီမေးခွန်းကိုမေးပြီ။ မေးတတ်ပြီ။ မေးရကောင်းမှန်း သိလာပြီ။ ပတ်ဝန်းကျင်ကို စူးစမ်းလာပြီ။ သဘာဝတ္တကြီးကို စိတ်ဝင်စားလာပြီ ။သူ့ကိုယ်သူ ငါဘယ်သူလဲ၊ ဘယ်ကလာသလဲ သိချင်လာပြီ။ ကိုယ့်ကိုယ်ကို စူးစမ်းခြင်းနဲ့ ပတ်ဝန်းကျင်ကို စူးစမ်းခြင်းဆိုတဲ့ အင်မတန် ကြီးကျယ်ခမ်းနားတဲ့ အလုပ်ကို ငါ့သားစလုပ်ပြီ ဆိုပြီး အဲ့ဒီခဏမှာ ဖအေကြီး ကျွန်တော် ၀မ်းသာပီတိ ဖြစ်သွားလိုက်ရတာ။ ရင်ထဲမှာ စိမ့်ခနဲ။ကျွန်တော့် သားကြီး မစဉ်းစားမှာ၊ မစူးစမ်းမှာ၊ မသိချင်မှာ၊ မတွေးခေါ် မဆင်ခြင်မှာကို ကျွန်တော် အင်မတန်ကြောက်ပါတယ်။ ဘာမဆို သူများခိုင်းတာကိုပဲ နာခံတတ်ပြီး ကိုယ်တိုင် ဖန်တီးတီထွင်နိုင်စွမ်း ကင်းမဲ့သွားမှာ ကျွန်တော်စိုးရိမ်ပါတယ်။ သားဟာ လူညံ့ မဖြစ်စေရဘူး ။ ဖအေ့ထက်ထက်မြက်တဲ့ သားမျိုးဖြစ်ရမယ်။

 

အခု … အဲ့ဒီသားက အင်မတန် ကြီးကျယ်တဲ့ မေးခွန်းကြီးကို မေးပါပြီ။ လူဘယ်က ဖြစ်သလဲတဲ့။ကျွန်တော် ဘယ်လို ဖြေရပါ့မလဲ။သွားလေသူ ဆရာသိပ္ပံမောင်ဝရဲ့ “ချိတ်ပုံကြော”ဆောင်းပါးက ခေါင်းထဲကို ဖျတ်ခနဲ ရောက်လာပါသေးတယ်။ကျွန်တော် ငယ်ငယ်ကလည်း အမေ့ကို ဒီမေးခွန်း မေးခဲ့ဖူးတာပါပဲ။ လူတိုင်းလိုလိုလည်း မေးခဲ့ကြဖူးမယ် ထင်ပါတယ်။ အမေက “ဗြဟ္မာကြီးလေးဦးက ပေါက်ဖွားလာတာ သားရဲ့” လို့ ဖြေတော့ ဗြဟ္မာဆိုတာ ဘာမှန်း မသိပေမယ့် အမေပြောရင် ဟုတ်မှာပါပဲ ဆိုပြီး ကျွန်တော် ဆက်မမေးခဲ့ပါဘူး။ ဒါပေမယ့် သားကြီးကတော့ ကျွန်တော့်လို ဟုတ်မယ် မထင်ဘူး။ ဗြဟ္မာဆိုတာ ဘာလဲ ဆက်မေးလိမ့်ဦးမယ် ။ နားကင်းကြီးနဲ့ မိုးပေါ်က ပုဂ္ဂိုလ်ဆိုရင်လည်း နားကင်းဆိုတာ ဘာလဲ။ ဘာဖြစ်လို့ မိုးပေါ်ရောက်နေသလဲ ဆိုတာတွေ ဆက်လာမှာဆိုတော့ အဲ့ဒီလို အလွယ်တကူဖြေလို့ မရလောက်ပါဘူး။ အာဒမ်နဲ့ ဧ၀ဘက်လှည့်လို့လည်း မလွယ်လောက်ဘူး။“ချိတ်ပုံကြော” ဆောင်းပါးထဲက မောင်လူအေးနဲ့ မောင်လူမွှေးတို့ သားအဖထက် ပြဿနာ ပိုကြီးသွားနိုင်ပါတယ်။ဒီတော့လည်း ကိုယ့်အန္တရာယ်ကိုယ် ကာကွယ်သောအားဖြင့် အမှန်အတိုင်း ပြောဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

 

“ အင်း … ဖေဖေလည်း သားလိုပဲ သိချင်နေတာပါပဲ သားရယ် ”သားကြီးက ကျွန်တော့် အဖြေကို သိပ်ကျေနပ်ဟန် မတူဘူး။ မျက်မှောင်ကုတ်ပြီး စဉ်းစားနေတယ်။ ခဏနေတော့ သူ့အရုပ်တွေဆီ အာရုံပြန်ရောက်သွားတော့တယ်။

 

ကျွန်တော်စိတ်မကောင်းပါဘူး ။ ဒါပေမယ့် ဒီကိစ္စက သက်ဆိုင်ရာ ပညာရှင်တွေတောင် ခပ်ရေးရေးပဲ မှန်းဆနိုင်ကြပြီး အခုထိ ငြင်းကြ ခုန်ကြတုန်းဆိုတော့ ကျွန်တော့် အဖြေဟာ မလွန်တန်ကောင်းပါဘူး။ ပြီးတော့ ခင်လွယ်လွယ်နဲ့ ပြီးပြီးရော ဆိုပြီး တွေ့ကရာ အဖြေတွေလည်း ကလေးရဲ့အသိထဲ ရောက်မသွားစေချင်ဘူး။အမှန်တကယ်ဖြေချင်တဲ့ အဖြေက ကျွန်တော့်ရင်ထဲမှာ ရှိပါတယ်။

 

“ သားရေ လူအစ ဘယ်ကလဲဆိုရင် ဟောဒီ ဖေဖေတို့ အာရှတိုက်ကြီးက စတာ ဖြစ်နိုင်သကွ။ အထူးသဖြင့် ဟောဒီဖေဖေတို့ မြန်မာနိုင်ငံတော်ကြီးက စတာ ဖြစ်နိုင်သကွ။ အထူးသဖြင့် ဟောဒီ ဖေဖေတို့ မုံရွာခရိုင် တစ်ဝိုက်က စတာဖြစ်နိုင်သကွ ”လို့ သားကြီး စိတ်နေမြင့်သွားအောင် အားပါးတရ ကျွန်တော်ပြောချင်လိုက်တာ။အဲ့သလိုပြောနိုင်ဖို့ အကြောင်းတွေကလည်း ရှိခဲ့သကိုး။ XXXXXXXXXX ………….. XXXXXXXXXX

 

(၂)၁၈၅၉ ခုနှစ်မှာ ချား(စ) ဒါဝင်က “မျိုးစိတ်တို့၏ မူလအစ” (The Origin of Spieces)လို့ အမည်ရတဲ့ စာအုပ်ကို ရေးသား ထုတ်ဝေလိုက်တော့ ကမ္ဘာတ၀ှမ်းလုံး ရုတ်ရုတ်သဲသဲပွက်လော ရိုက်သွားလိုက်တာ။ ကဖေးဆိုင်တွေ၊ အရက်ဆိုင်တွေမှာတောင် အာပေါင်အာရင်းသန်သန်နဲ့ မပြီးနိုင် မစီးနိုင် ဆွေးနွေးငြင်းခုန်စရာ ခေါင်းစဉ်တစ်ခု ရသွားခဲ့ကြတဲ့ အထိပါပဲ။ ကန့်ကွက်သံ၊ ရှုတ်ချသံ၊ ထောက်ခံသံတွေနဲ့ ကမ္ဘာကြီးဟာ တော်တော်လေး ဝေေ၀စည်စည် စိုစိုပြေပြေလေးဖြစ်သွားခဲ့ပါတယ်။ လူရယ်လို့ ဖြစ်လာကတည်းက (ဖန်ဆင်းခံရတယ်လို့ ဆိုသူက ဆိုကတည်းက) လက်ရှိ ပုံသွင်းအတိုင်း အခုထိ အပြောင်းအလဲမရှိပဲ ဖြစ်တည်နေတယ်ဆိုတဲ့ အစဉ်အလာ ယုံကြည်မှုထဲမှာ နစ်ဝင်ခဲ့ကြရာက လူဟာ အဆင့်နိမ့်တဲ့ ကျောရိုးရှိသတ္တ၀ါ တစ်မျိုးကနေ သဘာဝရွေးချယ်မှုအရ တဖြည်းဖြည်း ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်လာသူ ဖြစ်တယ်လို့ ဒါဝင်က ရဲရဲတောက် ဆိုလိုက်တဲ့အခါ အဟောင်းသမားတွေ ဆတ်ဆတ်ခါ သွားကြတော့တာပါပဲ။ ပြင်းပြင်းထန်ထန် ဝေဖန်၊ ကန့်ကွက်၊ ရှုတ်ချ၊ ပုတ်ခတ်ကြတော့တာပါပဲ။

 

ဒါပေမယ့် လူဟာ ကိုယ်ကိုယ်တိုင်ရဲ့ မူလဇစ်မြစ်ကို သိချင် အံ့သြချင်သေးတယ်လေ။ အထူးသဖြင့် ပညာရှင်တွေ။

 

၁၈၅၆ ခုနှစ်က ဂျာမနီမှာ နီယင်းဒါးသဲ (Neanderthat) အရိုးစုကို တွေ့ချိန်ကစပြီး ရှေးဟောင်းဗေဒသမားတွေ၊ မနုဿဗေဒ သမားတွေဆိုတာ အာဖရိက ၊ ဥရောပနဲ့ အာရှတစ်လွှား နေရာအနှံ့ တူးကြ ဆွကြတော့တာပါ။ အဲ့ဒီအချိန်က ဒါဝင်ဟာ သူ့စာအုပ်ကို မထုတ်ဝေရသေးဘူး။ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်အယူအဆဟာ လက်တစ်ဆုပ်စာ သိပ္ပံပညာရှင်တွေကြားမှာ ခပ်ဝါးဝါးပဲ ရှိနေသေးတာ။ နောက်သုံးနှစ် အကြာ ဒါဝင် သီအိုရီလည်း ထွက်ပေါ်လာရော သက်ဆိုင်ရာ ပညာရှင်တွေက လေ့လာကြ၊ စူးစမ်းကြ၊ ရှာဖွေကြနဲ့ တဖြည်းဖြည်းဝေဖန် ငြင်းခုန်သံတွေ ကြဲပါးသွားပါတယ်။ ဆင့်ကဲဖြစ်စဉ်ကို ထောက်ခံတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း သက်သေတွေ ပေါ်ထွက်လာတာကိုး။

 

လူရဲ့ အဆင့်ဆင့်ပြောင်းလဲလာပုံကို လေ့လာခဲ့ကြတာ အခုဆိုရင် နှစ် (၂၀၀)လောက်ရှိပါပြီ။ ပရိုင်းမိတ် (Primates)လို့ ခေါ်တဲ့ ကျောရိုးရှိ သတ္တ၀ါမျိုးနွယ် တစ်ခုဟာ ဒီနေ့ လူ၊ လူဝံ၊ မျောက်၊ မျောက်ဝံတို့ ဖြစ်ပေါ်လာရာ ဆင့်ကဲပြောင်းလဲမှုရဲ့ အစလို့ပညာရှင်များက ယူဆကြပါတယ်။ ပရိုင်းမိတ်မှာ အဆင့်နိမ့် ပရိုင်းမိတ် ( Lower Primates )နဲ့ အဆင့်မြင့် ပရိုင်းမိတ် (Higher Primates)ရယ်လို့ နှစ်မျိုးရှိသတဲ့။ လူ၊ လူဝံ၊ မျောက်ဝံတို့ဟာ အဆင့်မြင့် ပရိုင်းမိတ်ကနေ ဆင်းသက်လာကြတာ။ ပရိုင်းမိတ် ရုပ်ကြွင်းတစ်ခုဟာ အဆင့်နိမ့်လား၊ အဆင့်မြင့်လားဆိုတာ အံသွားတွေနဲ့ သွားဖွဲ့စည်းတည်ဆောက်ပုံက အဆုံးအဖြတ် ပေးနိုင်ပါသတဲ့။ အဆင့်နိမ့် ပရိုင်းမိတ်မှာ အံသွားသုံးချောင်းရှိပြီး အဆင့်မြင့်မှာတော့ အံသွားနှစ်ချောင်း ရှိလေရဲ့။

 

လူတူ ပရိုင်းမိတ် (Anthropoid Primates)တွေကို ကမ္ဘာသစ်နဲ့ ကမ္ဘာဟောင်းဆိုပြီး ခွဲခြား ထားသေးတယ်။ ကမ္ဘာသစ်ဆိုတာက မြောက်နဲ့တောင်အမေရိကတိုက်ပါ။ ကမ္ဘာဟောင်းကတော့ အာရှ၊ ဥရောပ နဲ့ အာဖရိက တိုက်တွေပေါ့ ။ လူ၊ လူဝံ၊ မျောက်၊ မျောက်ဝံတွေဟာ ကမ္ဘာဟောင်းမှာ စတင် ဖြစ်ပေါ်ခဲ့တာပါ။

 

လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၀၀ လောက်မှာ နို့တိုက်သတ္တ၀ါရဲ့ အစလို့ ဆိုနိုင်တဲ့ “ပီလိုင်ကိုဆော”လို့ခေါ်တဲ့ တွားသွားသတ္တ၀ါငယ် တစ်မျိုး ရှိခဲ့တယ်။ သူက ဥလည်းအု၊ နို့လည်းတိုက်တဲ့ သတ္တ၀ါ၊ အဲ့ဒီကမှ တစ်ဆင့် အကောင်လိုက်သားဖွားတဲ့ “စွေ့”ဆိုတဲ့ နို့တိုက်သတ္တ၀ါအဖြစ် ကူးပြောင်းခဲ့တယ်။ အဲ့ဒါ ကမ္ဘာပေါ်မှာ ဒိုင်နိုဆောကြီးတွေ နှစ်သန်းပေါင်း ၆၀ ကျော်လောက် လွှမ်းမိုးခဲ့တဲ့ အချိန်မှာပေါ့။ အဲ့ဒီ “စွေ့”ဟာ ဒိုင်နိုဆောကြီးတွေ အကြားမှာ ပြေးလွှားပြီး အစာရှာဖွေရတဲ့ သစ်ပင်နေ သတ္တ၀ါဖြစ်ခဲ့တယ်။ အဲ့ဒီကမှ တစ်ခါ လီမာ (Lemurs) ပြီးတော့မှ တာစီရာ (Tasiers) ဆိုတဲ့ သတ္တ၀ါတွေအဖြစ်ပြောင်းလဲပြီး ကမ္ဘာသစ်မျောက် (New World Tasiers) နဲ့ ကမ္ဘာဟောင်းမျောက် (Old World Tasiers)ဆိုပြီး နှစ်မျိုးကွဲသွားတာပါ။ အဲ့ဒီနှစ်မျိုးထဲက ကမ္ဘာဟောင်း မျောက်များကသာ လူမျိုးနွယ်နဲ့ ဆက်စပ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

 

ကမ္ဘာဟောင်းမျောက်ကမှ တစ်ဆင့် Propliopithecus (လွန်ခဲ့တဲ့ နှစ်သန်းသုံးဆယ်)၊ Dryopithecus (လွန်ခဲ့တဲ့ နှစ် ၂၅ သန်း)၊ Ramapithecus ( လွန်ခဲ့တဲ့ နှစ် ၁၂ သန်း)၊ Austraiopithecus afarensis (လွန်ခဲ့တဲ့ နှစ် လေးသန်း)၊ Australopi- thecus africanus (လွန်ခဲ့တဲ့ နှစ် ၃.၅ သန်း)၊ Homo habilis (နှစ် နှစ်သန်း)၊ Homo erectus (၁.၅သန်းနှစ်)၊ Homo neanderthalensis (နှစ်ငါးသိန်း)တို့ဖြစ်ပေါ်ပြောင်းလဲပြီးမှ နောက်ဆုံး Homo apiens ဆိုတဲ့ ဒီနေ့လူတွေဖြစ်ပေါ်လာပါသတဲ့။ ဒါ အကြမ်းသဘောပေါ့။

 

လူသားအဖြစ် ခရီးရှည် ချီတက်ပွဲကြီးကို ပွဲကြည့်ပရိသတ် အဖြစ် ကြည့်ရတာ အင်မတန် အံ့သြစရာ၊ ရင်ခုန်စရာကောင်းလှပါတယ်။ “လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာပြည်က အပ်တစ်စင်း ထပ်ဖျားချင်း ထိမိဖို့ လွယ်ကောင်းလွယ်မယ်။ လူဖြစ်ဖို့ မလွယ်ဘူး ” ဆိုတဲ့ မြန်မာစကားပုံဟာ လူဆင့်ကဲဖြစ်စဉ် သီအိုရီအတွက်လည်း မှန်နေတာပါပဲ။ လူသားအဖြစ်ဆီကို တန်းတန်းမတ်မတ်၊ ချောချောမွေ့မွေ့ရောက်လာရတာမှ မဟုတ်ခဲ့တာကလား။ ကမ္ဘာဟောင်း မျောက်ကနေ ဟိုကွေ့သည်ကောက်၊ ဟိုဘက်ဖြာထွက်သွားလိုက်၊ သည်ဘက်ခွဲဆင်းလာလိုက်နဲ့ မျိုးစိတ်တွေ ကွဲကွဲသွားလိုက်တာ တချို့လည်း ရောက်တဲ့နေရာမှပဲ ရပ်တန့်ပျောက်ကွယ်သွားကြ၊ တချို့လည်းဆက်လက်ပြောင်းလဲကြနဲ့။ လူစင်စစ်ဖြစ်လာဖို့အရေး လူနဲ့ မျောက်ဟာ ခွဲရေးတွဲရေးတွေ အများကြီး လုပ်ခဲ့ရတာပဲ။ ခွဲတော့မှာလိုလိုနဲ့ ချော်ထွက်သွားလိုသွား၊ တွဲမှာလိုလိုနဲ့ရပ်တန့်ပျောက်ကွယ်သွားလိုသွား ဖြစ်ချင်သလို ဖြစ်ခဲ့ရတာမျိုးပါ။

 

ဒီလိုနဲ့ ကူးပြောင်းလာလိုက်တာ တစ်နေရာ အရောက်မှာတော့ လူနဲ့ မျောက်ဟာ ပြတ်ပြတ်သားသား လမ်းခွဲ ထွက်သွားကြပါတော့တယ်။ ဒါပေမယ့် အဲ့ဒီ ညောင်ညိုပင်စခန်းကို သုတေသီတွေ ရှာမတွေ့ခဲ့ကြဘူး။ ဒါကြောင့် ဒီနေရာဟာ “ပျောက်ဆုံးနေတဲ့ ကွင်းဆက်”(Missing Link)လို့ နာမည် ရခဲ့တာပါ။ အဲ့ဒီပျောက်နေတဲ့ ကွင်းဆက်ကို ၁၉၇၄ ခုနှစ်ကျမှ တွေ့တာလို့ ပြောရပါမယ်။ တွေ့တဲ့နေရာက အီသီယိုးပီးယား။ တွေ့တဲ့လူက အခု ဘာကလေမှာရှိတဲ့ IHO(Institute of Human Origins)မှာ ဥက္ကဌဖြစ်တဲ့ မနုဿဗေဒ ပညာရှင်ဒွန်နယ် ဂျိုဟန်ဆင်၊ ထူးခြားတဲ့ ရှေးဟောင်း ပရိုင်းမိတ် အရိုးစုကို တွေ့ခဲ့တာပါ။ အရိုးစုက ၆၀ ရာခိုင်နှုန်းလောက်မရှိတော့ဘူး။ ဦးခေါင်းခွံ အစိတ်အပိုင်းကလည်း နည်းနည်းပဲကျန်တယ်။ ဒါပေမယ့် သတ္တ၀ါဟာ ၁၀၇မီတာ (သုံးပေခွဲခန့်) အရပ်မြင့်တယ်လို့ ပညာရှင်တွေပြောနိုင်ပါတယ်။ ဒီသတ္တ၀ါဟာ အရပ်ပုပေမယ့် အရေးကြီးတဲ့ လူ့အသွင် လက္ခဏာ တစ်ခု ရှိနေတယ်။ အဲ့ဒါကတော့ အပြည့်အ၀ လမ်းလျှောက်နိုင်ခြင်းပါပဲ။ အရင်က တွေ့ခဲ့ရတဲ့ ပရိုင်းမိတ် မျိုးစုတွေနဲ့ ကွဲပြားတာ အဲ့ဒါပဲ။

 

ဒီသတ္တ၀ါ လမ်းလျှောက်နိုင်တယ်လို့ ပြောနိုင်တာကတော့ သူ့ဒူးဆစ်တွေ တည်ဆောက်ပုံကို ကြည့်ပြီး သိရတာပါ။ လျှောက်နိုင်တာမှ ဖြောင့်ဖြောင့်ကြီးကို လျှောက်နိုင်တဲ့ ခြေထောက်ဖွဲ့စည်းပုံပါ။ ဒီသတ္တ၀ါဟာ ဣတ္တိယမိန်းမသားဖြစ်မှာပဲလို့ ဂျိုဟန်ဆင်က ယူဆတာနဲ့ “လူစီ” လို့နာမည်ပေးလိုက်သတဲ့။ ဒီနာမည်လေးပေးဖြစ်ပုံကလည်း တဲစခန်းမှာ ဒီရုပ်ကြွင်းကို စမ်းသပ်စစ်ဆေးနေတုန်း ဖွင့်ထားတဲ့ တိပ်ရီကော်တာက ဘီတဲလ်အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ကိုဆိုနေတယ်လေ။ သီချင်းနာမည်က “မိုးပေါ်မှာ စိတ်ပွင့်တွေနဲ့လူစီ” (Lucy in the sky with Diamonds) တဲ့။

 

ဒါပေမယ့် ဒါက အလွယ်ခေါ် ၊ အရပ်ခေါ်ပါ။ သူ့ရဲ့သိပ္ပံနာမည်ကတော့ အင်မတန် လျှာခလုတ် တိုက်ချင်စရာ ကောင်းလှပါဘိတယ်။ သြစတြာပိသိကပ် အဖာရင်းစစ် (Australopithecus afarensis) တဲ့။ သူ့သက်တမ်းကို လွန်ခဲ့တဲ့ နှစ် ၃.၉သန်းလို့ သတ်မှတ်ကြပါတယ်။ ပုံသွင်ကတော့ လူထက်စာရင် မျောက်နဲ့ ပိုတူနေသေးတယ်။ နောက်ထပ်အရိုးစုတွေ၊ ဦးခေါင်းခွံတွေ ပြည့်ပြည့်စုံစုံ တွေ့ရတဲ့အခါ လူစီဟာ ပျောက်နေတဲ့ ကွင်းဆက်ဖြစ်တယ်လို့ အခိုင်အမာ ဆိုလိုက်ကြပါတော့တယ်။ A.afarersis အထီးကတော့ အရပ်ငါးပေအောက်လောက် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ သူတို့ရဲ့ ခါးတွေမတ်သွားတာ၊ ခြေနှစ်ချောင်းပေါ်မှ လမ်းလျှောက်နိုင်တာ ၊ လက်တွေ လွတ်လပ်သွားတာ ဒါတွေဟာ ရှင်သန်ကျန်ရစ်ရေးအတွက် သာမက တိုးတက်ဖွံ့ဖြိုးဖို့ကိုပါ အထောက်အကူ အများကြီး ပေးခဲ့တာပေါ့။

 

လွန်ခဲ့တဲ့ နှစ်သုံးသန်းနဲ့ နှစ်သန်းကြားမှာ A.afaremsis (လူစီ)ကနေ သန်စွမ်းတဲ့ အုပ်စုငယ် သုံးမျိုး ထပ်ကွဲသွားပါတယ်။ A.afarensis ကတစ်မျိုး၊ နောက်နှစ်မျိုးက Paranthropus boisei နဲ့ P.robustus။ အဲ့ဒီနှစ်မျိုးက လွန်ခဲ့တဲ့ နှစ်တစ်သန်းလောက်ကပဲ ရပ်တန့်ပျောက်ကွယ်သွားပါပြီ။ အဲ့ဒီမှာ ရှင်သန် ကျန်ရစ်ခဲ့တဲ့ A.afarensis ကနေ လူအဖြစ်ကို စပြီး ပြောင်းတော့တာပါ။ လွန်ခဲ့တဲ့ နှစ်တစ်သန်းက အဲ့ဒီ အပြောင်းအလဲဟာ ကမ္ဘာကြီးရဲ့ အနာဂတ် ကံကြမ္မာကို ဖန်တီးလိုက်တာပါပဲ။

 

A.afarensis ကနေ Homo habilis ကို ကူးပြောင်းသွားခြင်းဟာ ကမ္ဘာကြီးအတွက် ကံကောင်းခြင်း လား၊ ကံဆိုးခြင်းလား ဆိုတာကတော့ ကိုယ့်အမြင်နဲ့ ကိုယ်ပဲပေါ့လေ။ ကမ္ဘာဂြိုဟ်ဟာ သူ့ကိုလွှမ်းမိုးခြယ်လှယ်လာတော့မယ် လူဆိုတဲ့ သတ္တ၀ါကို အဲ့ဒီအချိန်မှာ စတင်ရရှိလိုက်တော့တာကိုး။

 

လူစီ မတိုင်ခင် လွန်ခဲ့တဲ့ နှစ် ၂၅ သန်းလောက်က ပေါ်ထွန်းခဲ့တဲ့ Dryopithecus ရဲ့ ဆင့်ကဲ မျိုးဆက်တွေကတော့ ဒီကနေ့ တွေ့နေရတဲ့ ဂေါ်ဇီလာမျောက်တွေ၊ ချင်ပန်ဇီမျောက်တွေပါပဲ။ တကယ်လို့များ Dryopithecus ဟာ Ramapithecus (သူ့ရုပ်ကြွင်းကို အိန္ဒိယမှာ စတွေ့တာ)အဲ့ဒီကမှ A.frarensis ပြီးတော့မှ A.africanus အဖြစ် မကူးပြောင်းခဲ့ဘူးဆိုရင်ဖြင့် ဒီနေ့ ကမ္ဘာကြီးဟာ ချင်ပန်ဇီတို့ ပျော်စံရာ လောကကြီးဖြစ်သွားနိုင်မယ်ဆိုရင် ရကောင်းရဲ့။

 

(၃)

လူအဖြစ်ကို ကုန်းရုန်းပြီး လျှောက်လှမ်းခဲ့ရတဲ့ ဖြစ်စဉ်ကြီးထဲမှာ Homo habilis ကို လူဖြစ်ပြီလို့ ဘာကြောင့် သတ်မှတ်ခဲ့ရတာလဲ။

အဖြေကတော့ သူက လက်နက်ကိရိယာတွေ ဖန်တီးတတ်လို့ပါပဲ။ ဒါဆိုရင် ဒီနေ့ ချင်ပန်ဇီတွေလည်း လက်နက်ကိရိယာ သုံးတတ်စွဲတတ်သားပဲ၊ ဦးချိုတွေ အရိုးတွေနဲ့တူးတတ် ဆွတတ်သားပဲ။ တုတ်ချောင်းကို သုံးပြီး တွင်းထဲက ပုရွတ်တွေ ထွက်လာအောင် မျှားတတ်သားပဲလို့ ဆက်မေးစရာရှိပါတယ်။ ကွာခြားတာက H.habilis ဟာ လက်နက်ကို သုံးစွဲတတ်ရုံ မကဘဲနဲ့ အသိဥာဏ် ရှေ့ဆောင်ပြီး လက်နက်ကိရိယာ အသစ်တွေကို တီထွင်ဖန်တီးတတ်တာပါ။ ကျောက်တုံးတွေကို ထုရိုက် ခွဲစိတ်ပြီး ကိုယ်လိုချင်သလို အသုံးချလို့ရအောင် ပုံဖော်တတ်လာပြီလေ။ သူ့ပုံသွင်က ယခင်မျိုးဆက်နဲ့ သိပ်မကွာခြားသေးပေမယ့် ဦးနှောက်ပိုကြီးလာတာ တွေ့ရပါတယ်။သူက အသီးအရွက်ရော အသားပါ စားတယ်။ ခြင်္သေ့တွေ၊ ကျားသစ်တွေနဲ့ အစာအတွက်တော့ဖြင့် ယှဉ်ပြိုင် တိုက်ခိုက်တာတွေ မလုပ်တော့ဘူး။ အဲ့ဒီသားရိုင်းကြီးတွေ သတ်ဖြတ်စားသောက်ထားခဲ့တဲ့ သားကောင်ရဲ့ အသားကို ကျောက်လက်နက်တွေနဲ့ လှီးဖြတ်ယူပြီး ဘေးကင်းရာ ပြေးတော့တာ။ လူလည်ကျလာပြီ ဆိုရမှာပေါ့ ။ ဒါကြောင့်လည်း ပညာရှင်တွေက သူ့နာမည်ကို ရှေ့က Homo တပ်ပြီး မှည့်ခေါ်ကြတာပါ။ Homo ဆိုတာ “လူ” လို့အဓိပ္ပာယ် ရတယ်လေ။

 

လွန်ခဲ့တဲ့ နှစ် နှစ်သန်းခွဲလောက်က ပေါ်ထွန်းခဲ့တဲ့ Homo habilis ဟာ ကမ္ဘာပေါ်မှာ နှစ်ငါးသိန်းကျော်လောက် နေသွားခဲ့ပါတယ်။ ဒီ အတောအတွင်းမှာပဲ သူတို့ထဲက အုပ်စုတစ်စုဟာ တဖြည်းဖြည်းနဲ့ အရပ်ပိုရှည်လာ၊ ပိုသန်စွမ်းလာ၊ ပုံသွင်ပိုပြီးပြေပြစ်လာတဲ့ Homo erectus ဘ၀ကို ရောက်လာပါတော့တယ်။ အရပ်ငါးပေခြောက်လက်မလောက်ရှိပြီး ခေတ်ပေါ်လူနဲ့ သိပ်မကွာခြားတော့တဲ့ ပုံသဏ္ဍာန် ဖြစ်လာပါပြီ ။ နဖူးနိမ်နိမ့်၊ မျက်ရိုးမောက်မောက်၊ မေးရိုးမြင့်မြင့်နဲ့ပါ။ ဦးနှောက်အိမ်ကတော့ နှစ်ကြာလေလေ ကြီးမားလာလေလေပါပဲ ။ ဒါပေမယ့် ရှေးအကျဆုံး H.eretus (အရွယ်ရောက်ပြီး) ရဲ့ ဦးနှောက်က ဒီကနေ့ လေးနှစ်သားကလေးလေးရဲ့ ဦးနှောက်ထက် ပိုမကြီးပါဘူး။ ကျိုးကြောင်း ဆင်ခြင်တတ်မှု၊ ဖန်တီးတတ်မှုတွေဟာ လေးနှစ်သား ဦးနှောက်အတိုင်းပဲပေါ့။

 

နာမည်ကျော် ဂျာဗားလူ (Java man)နဲ့ ပီကင်းလူ (peking man)တို့ဟာ H.erectus တွေပါ ။ ဂျာဗားလူကို Eugene Dubois ဆိုတဲ့ ဒတ်ခ်ျလူမျိုး ဆရာဝန် တစ်ယောက်က အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်က ဆိုလိုမြစ်ကမ်းဘေးမှာ တွေ့ခဲ့တာ။ ၁၈၉၀ ခုနှစ်မှာ။ ပီကင်းလူကိုတော့ ၁၉၂၉ ခုနှစ်မှာ တရုတ် မနုဿပညာရှင် Peo Wen shong က ဂူတစ်ခုထဲက တူးဖော်တွေ့ရှိခဲ့တာပါ ။ ၁၉၅၀ ခုနှစ်ကျတော့ အာဖရိက မှာ တွေ့ရပြန်ရော။

 

အခုထိ တွေ့ခဲ့ရတဲ့ ရုပ်ကြွင်းတွေထဲမှာ အာဖရိကမှာတွေ့ရတဲ့ H.erectus က သက်တမ်းအရင့်ဆုံးပါပဲတဲ့။ အာရှရုပ်ကြွင်းတွေက အများဆုံး နှစ်တစ်သိန်းသာရှိပြီး အာဖရိကရုပ်ကြွင်းက အနည်းဆုံး နှစ် ၁၈ သန်းရှိပါသတဲ့။

 

အဲ့ဒီလို သက်တမ်းရှေးကျတာရယ် ၊ H.erectus ရဲ့ လက်ဦး ရှေးဟောင်းမျိုးနွယ် အဆင့်ဆင့် ရုပ်ကြွင်းတွေဟာ အာဖရိကမှာပဲ သီးခြားတွေ့ရတာရယ်ကြောင့် လူမျိုးနွယ်တို့စတင်ဖြစ်ပေါ်ရာ ဒေသကြီးဟာဖြင့် အာဖရိကတိုက်ကြီးပါပဲ လို့ သိပ္ပံပညာရှင်တွေ ကောက်ချက်ချ ယုံကြည်ခဲ့ကြတာဟာ ဒီနေ့ အထိပါပဲ။

 

 

(၄)

ယုံမယ်ဆိုရင်လည်း ယုံကြည်စရာပါပဲလေ။ လူမျိုးနွယ်ဆင့်ကဲပြောင်းလဲခြင်းဆိုင်ရာ အဓိက အကျဆုံး အထောက်အထားဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အဆင့်ဆင့်တွေက အာဖရိကမှာပဲ အများဆုံး တွေ့ခဲ့ကြရတာကိုး။

 

ကျောက်ဖြစ်ရုပ်ကြွင်းမျိုးစုံကို ကြုံကြိုက်သလို တွေ့နေခဲ့ကြရာက ၁၉၀၆ ခုနှစ်မှာ စိတ်ဝင်စားဖွယ် မေးရိုးတစ်ခုကို အာဖရိကတိုက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနီးဆာဟာရ သဲကန္တာရ အစပ်က ဖယွမ် (Fayum)ဆိုတဲ့ ဒေသမှာ အမေရိကန်သဘာဝသမိုင်းပြတိုက်က အော်လ်ဆင် (Olson)ဆိုသူက တွေ့လိုက်ပါတယ်။အဲ့ဒီ ရုပ်ကြွင်းရဲ့ သိပ္ပံနာမည်က Aegyptopithecus Zeuxis တဲ့။

 

၁၉၆၄-၆၆ မှာတော့ ယေးလ်တက္ကသိုလ်က အယ်ဝင်ဆိုင်မွန် (Elwyn Simons) ဦးဆောင်တဲ့ အဖွဲ့က အဲ့ဒီရုပ်ကြွင်းအမျိုးအစားရဲ့ ဦးခေါင်းခွံနဲ့ အရိုးတွေ ၊ မေးရိုးတွေ အပြည့်အစုံထပ်ပြီး တွေ့ရှိကြပါတယ်။ အဲ့ဒီ Aegyptopithecus ရုပ်ကြွင်းဟာ လူနဲ့ မျောက်တို့ စတင် ဆင်းသက်ရာ အစောဆုံး ပရိုင်းမိတ်မျိုးနွယ် ပါတဲ့။သူ့သက်တမ်းက နှစ်သန်းပေါင်း သုံးဆယ်ရှိခဲ့ပေတာကိုး။

 

အဲ့သလို အစောဆုံး အင်သရိုပ္ပိုက် ပရိုင်းမိတ် ရုပ်ကြွင်းလည်းရှိ၊ ခေတ်လူ Homo Sapians ရဲ့ ရုပ်ကြွင်းတွေလည်းရှိ၊၊ ကြားထဲက မျိုးနွယ်အဆင့်ဆင့်ရဲ့ ရုပ်ကြွင်းတွေလည်း ရှိနေလေတော့ အာဖရိကတိုက်ကြီးဟာ လူမျိုးနွယ်စတင်ဖြစ်ထွန်းရာဒေသကြီးလို့ ပညာရှင်တွေက သတ်မှတ်ကြတာပေါ့။ လူမျိုးနွယ်ရဲ့ ပုခက်ကြီးကို တင်စားခေါ်ဝေါ်ခဲ့ကြတာပေါ့။

 

လူနဲ့ မျောက် မျိုးနွယ်ဖြစ်လာမယ့် အစောဆုံး ကျောရိုးရှိ အဆင့်မြင့် ပရိုင်းမိတ်ကနေ ဆင့်ကဲဆင့်ကဲ ပြောင်းလဲပြီးနောက်ဆုံး ရှေးဦးလူ Homoerectus အဆင့်ထိဟာ အာဖရိကတိုက်ကြီးအတွင်းမှာပဲ ဖြစ်ခဲ့သတဲ့။ အဲ့ဒီအဆင့်ကျမှ ဒီလူတွေဟာ အာဖရိကတိုက်ကြီးထဲက ထွက်လာကြပြီး ကမ္ဘာ့နေရာအနှံ့အပြားပြန့်ကျဲ ရောက်ရှိသွား၊ တဖြည်းဖြည်းနဲ့ ခေတ်လူ(Homo Sapians)အဖြစ် ရောက်သွားတော့တယ်လို့ ဆိုပါတယ်။ အာဖရိက တိုက်ထဲက H.erectus ထွက်လာတာဟာ လွန်ခဲ့တဲ့ နှစ် ၁.၈ သန်းလောက်ကပါတဲ့။ အာဖရိကတိုက်ထဲမှာပဲ H,Spainans အဆင့် ရောက်သွားတဲ့လူတွေ ကမ္ဘာကို ပျံ့နှံ့သွားတာကတော့ လွန်ခဲ့တဲ့နှစ်တစ်သိန်းလောက်က လို့မှန်းကြလေရဲ့။ ဒါကတော့ ကမ္ဘာမှာ လူတွေ ပျံ့နှံ့ရောက်ရှိလာပုံ ပတ်သက်လို့ ပညာရှင်တွေ တစ်လျှောက်လုံး လက်ခံထားခဲ့ကြတဲ့ “အာဖရိက မှ လာသည်” သီအိုရီ (Out of Africa Theory)ပါပဲ။

 

သို့ပေမယ့် နောက်ပိုင်းတွေ့ရှိချက်တွေက ဒီသီအိုရီကို လှုပ်ရမ်း ပစ်လိုက်ပြန်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က တရုတ်ပြည်ထဲမှာ ခေတ်လူနဲ့ တူတဲ့ ဦးခေါင်းခွံကို တရုတ်သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ ရုပ်ကြွင်းရဲ့ သက်တမ်းက အနည်းဆုံး နှစ်ပေါင်းနှစ်သိန်းတဲ့။ အဲ့ဒီဒေသမှာ တွေ့ခဲ့ရသမျှ အစောဆုံး H.Sapians ရုပ်ကြွင်း နမူနာတွေရဲ့ သက်တမ်းထက် နှစ်ဆရှိနေတယ်။ ပြီးတော့ ဒီခေါင်းခွံက ခေတ်ပြိုင် အာရှသားတွေနဲ့ ပုံပန်း အတော်တူသတဲ့။ အဲ့ဒီအကြောင်း ၁၉၉၄ ခုနှစ်က ထုတ်ဝေတဲ့ Nature စာစောင်မှာ ပါလာပါတယ်။

 

Nature ထက် တစ်ပတ်စောထွက်တဲ့ Science ဂျာနယ်မှာလည်း အံ့အားသင့်စရာ သတင်းတစ်ပုဒ်ပါလာပြန်ပါရော။ ဂျာဗားကျွန်းပေါ်က နေရာနှစ်နေရာမှာ အမေရိကန်နဲ့ အင်ဒိုနီးရှား ပညာရှင်တွေ တွေ့ရှိခဲ့ကြတဲ့ ခေါင်းခွံရုပ်ကြွင်းတွေရဲ့ သက်တမ်းကို ပြန်လည်ပြန်ဆင်လိုက်တဲ့ သတင်းပါ။ မူလ သတ်မှတ်ထားတဲ့ နှစ်တစ်သန်းအစား နှစ် နှစ်သန်းနီးပါးလို့ ပြင်ဆင်လိုက်သတဲ့ ။ အဲ့ဒီရုပ်ကြွင်းတွေကတော့ H.erectus ရုပ်ကြွင်းတွေပါ။

 

ဒီလို အထောက်အထားသစ်တွေလည်း ရလာရော အငြင်းအခုန်တွေလည်း ဖြစ်လာပါလေရော။ အမြင်သစ်တွေကလည်း ပေါ်လာကြတယ်။ ပညာရှင်အများစု လက်ခံထားကြသလို ခေတ်ပေါ်လူသားဟာ အာဖရိကတိုက်ထဲမှာသာ တိုးတက်ဖွံ့ဖြိုးပြီး အပြင်ကို ပျံ့နှံ့တယ်ဆိုတာ မဟုတ်ဘူးတဲ့ ။ H.Sapians ဟာ ကမ္ဘာနေရာအနှံ့မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ဖြစ်ပေါ်ခဲ့နိုင်တယ်တဲ့ ။ ဘာကြောင့်လဲဆိုတော့ အထက်ပါ အထောက်အထားတွေ အရ H.erectus ဟာ အာဖရိကတိုက်ထဲက မူလထင်မှတ်ထားခဲ့ကြတာထက် နှစ်တစ်သန်းလောက် စောပြီး ထွက်ခဲ့လို့ပါတဲ့။ အဲ့ဒါကတော့ အခုနောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ “ဒေသအနှံ့ မှန်းဆချက်” (Multiregional Hypothesis) ပါပဲ။

 

“အာဖရိက သီအိုရီ” သမားတွေကလည်း အပြင်းအထန် ကာကွယ်ပါတယ်။ အာဖရိကတိုက်က ထွက်လာတဲ့ H.erectus ဟာ နှစ်မျိုးကွဲသွားနိုင်တယ်။အာဖရိကသား H.erectus နဲ့ အာရှသား H.erectus ဆိုတဲ့ မျိုးစိတ်နှစ်ခု ဖြစ်သွားနိုင်တယ်။ ဒီနှစ်ခုလုံးဟာ H.Sapians အဖြစ် တပေါင်းတည်း ရောက်မသွားနိုင်ဘူး။ အာရှသားဟာ ကွယ်ပျောက်သွားပြီး အာဖရိကသားကပဲ ခေတ်ပေါ်လူအဖြစ် တိုးတက်ဖွံ့ဖြိုးလာခဲ့တယ်လို့ ဆိုကြလေရဲ့။

 

နောက်တခါ H.erectus ဟာ အာဖရိက ထွက်ခွာလာပြီး အာဖရိကကိုပဲ ပြန်ဝင်သွားလေရော့သလားလို့ သံသယ၀င်ကြတာလည်းရှိပါသေးတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် အခု ငြင်းခုန်နေကြတာဟာ အာဖရိကက H.erectus ထွက်ခွာချိန်ကိုသာ ငြင်းခုန်နေကြတာပဲ ဖြစ်ပါတယ်။ လူ့အနွယ်ဝင်ရဲ့ အစမူလအဆင့်မြင့် ပရိုင်းမိတ်ဟာ အာဖရိကမှာ စတင်ခဲ့တယ်ဆိုတဲ့ အခြေခံသဘော ကိုက်ညီမှုကို ငြင်းခုန်ကြတာ မဟုတ်ပေဘူး။

 

ဒါပေမယ့် “လူ့အနွယ်ဝင်အစ အာဖရိက , က ”ဆိုတဲ့ သီအိုရီကို အခြေခံအုတ်မြစ်က စပြီး ဆွဲကိုင်လှုပ်ရမ်း စိန်ခေါ်လိုက်တဲ့ တွေ့ရှိမှုကြီး တစ်ခုဟာဖြင့် လွန်ခဲ့တဲ့ ၁၇ခုနှစ်က ဖြစ်ပွားခဲ့ပါတယ်။

 

တွေ့ရှိခဲ့သူက မြန်မာနိုင်ငံသား ဘူမိဗေဒပညာရှင်။တွေ့ရှိခဲ့တဲ့ နေရာက မြန်မာနိုင်ငံအလယ်ပိုင်း ပုံတောင်ပုံညာဒေသ။ XXXXXXXX ………. XXXXXXXX

 

(၅)

“ လူအဖြစ်သို့ ဦးတည်သည့် ပရိုင်းမိတ်သည် ကမ္ဘာကြီး၏ မည်သည့်နေရာမှ စတင် ပေါ်ပေါက်ခဲ့ပါသနည်း ။ ယခုအထိ အထောက်အထား အများစုက ညွှန်ပြနေသည်မှာ အာဖရိကတိုက်ဖြစ်၏။ လူနှင့်မျောက်တို့ ဖြစ်ပေါ်ရာ ယေဘုယျအားဖြင့် ယုံကြည်လက်ခံထားကြသော လွန်ခဲ့သော နှစ်သန်း၂၀က ဒရိုင်ရိုပိသိကပ် သတ္တ၀ါ၏ အရိုးများကို အာဖရိက၌ တွေ့ခဲ့ရလေသည်။ ထိုသတ္တ၀ါ ဆင်းသက်လာရာ မျိုးနွယ်များသည်လည်း အာဖရိက၌ပင် နေထိုင်ခဲ့ကြဟန် တူသည်။ ပမာအားဖြင့် Duke တက္ကသိုလ်မှ မနုဿဗေဒ ပညာရှင် အယ်ဝင်ဆိုင်မွန်သည် လွန်ခဲ့သော နှစ်သန်း ၃၀ က သစ်ပင်နေ အဆင့်မြင့် ပရိုင်းမိတ် ရုပ်ကြွင်းကို တွေ့ရှိခဲ့သည်။ ထိုသတ္တ၀ါကို အေဂျစ်ပတိုပိသိကပ် ဟု အမည်ပေးခဲ့၏။

 

မည်သို့ဆိုစေ လွန်ခဲ့သော အပတ်က မြန်မာနှင့် အမေရိကန် သိပ္ပံပညာရှင်များကတော့ မနုဿဗေဒလောကကို မွှေနှောက် လှုပ်ရမ်းလိုက်ပြီး ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းသန်း ၄၀ က အဆင့်မြင့် ပရိုင်းမိတ် ရုပ်ကြွင်းများကို မြန်မာနိုင်ငံတွင် တွေ့ရှိပြီဟု သူတို့က ကမ္ဘာကိုကြေညာလိုက်၏။ လူ၏ မူလဇစ်မြစ်ကို အာဖရိကမှ အရှေ့တောင်အာရှသို့ ပြောင်းရွှေ့ စိုက်ထူလိုက်ခြင်းပင် ဖြစ်တော့သည်”

 

၁၉၇၉ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းကြီးမှာ ပါရှိတဲ့ သတင်းဆောင်းပါးရဲ့ နိဒါန်းပိုင်းပါ။မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ဘယ်လောက်များရင်ဖို လှိုက်မောဖို့ ကောင်းလိုက်ပါသလဲ။ ဘယ်လောက်များ ဇာတိသွေး ဇာတိမာန်တွေ ဆူဝေလျှံကျဖို့ ကောင်းလိုက်ပါသလဲ။

 

ဒါတင်ကပါရိုးလား။ ၁၉၇၉ မေ ၈ ရက် ၊ အင်္ဂါနေ့ထုတ် The Bostaon Globe အမေရိကန် သတင်းစာကြီးမှာ ခြောက်လိုင်းစာလုံးမည်းကြီတွေနဲ့ ခေါင်းစဉ်တင်ထားတာက “လူ၏ ဇာတိချက်မြှုပ်နေရာ အာရှမှာတွေ့ပြီ”တဲ့။ ၁၉၇၉ သြဂုတ်လ ၁၀ရက်နေ့ထုတ် အာရှအပတ်စဉ် မဂ္ဂဇင်း (Asia week)ကတော့ “မြန်မာ့မေးရိုးများက လာရာလမ်းကို ညွှန်ပြပြီ ” တဲ့။ ၁၉၇၉ သြဂုတ်လ ၅ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းမှာ ထပ်ပြီး ဖော်ပြခဲ့တာက “မြန်မာ့ အရိုးများက အာဖရိကဇစ်မြစ်ကို စိန်ခေါ်လိုက်ပြီ ”တဲ့။ ဒီကိစ္စကို သတင်းထူး သတင်းဦးအနေနဲ့ အသားပေး ဖော်ပြကြတဲ့ ကမ္ဘာ့စာနယ်ဇင်းတွေ အများကြီး ရှိပါတယ်။ ၁၉၇၉ နိုဝင်ဘာလထုတ် “နေချား”မဂ္ဂဇင်းကလည်း ကမ္ဘာ့တွေ့ရှိသမျှ အဆင့်မြင့် ပရိုင်းမိတ်ရုပ်ကြွင်းတွေထဲမှာ အစောဆုံးဖြစ်ကြောင်း ဖော်ပြ အတည်ပြု ပေးလိုက်ပါတယ်။

 

ဒီနေရာမှာ သက်တမ်းဖော်တဲ့ ကိစ္စ(Geochronology)ရဲ့ ကဏ္ဍဟာ အင်မတန် အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ သက်တမ်းဖော်တဲ့ နည်းစနစ်တွေကလည်း အများကြီးရှိပါတယ်။ ကာဘွန် ၁၄ စမ်းသပ်နည်း၊ ပိုတက်စီယမ်အာဂွန် စမ်းသပ်နည်းနဲ့ အခုနောက်ဆုံးပေါ် ရေဒီယို သတ္တိကြွ (radio active) စမ်းသပ်နည်းတွေရယ်လို့ ယေဘုယျအားဖြင့် ရှိကြပါရဲ့။ ကာဘွန်စမ်းသပ်နည်းဟာ နှစ်ခြောက်သောင်း အထိပဲ စမ်းသပ်လို့ ရတယ်လို့ဆိုပါတယ်။ ဒါပေမယ့် နှစ်ပေါင်းသန်းချီနေတဲ့ ရုပ်ကြွင်းရဲ့သက်တမ်းကိုတော့ radio active နည်းနဲ့သာ ဖော်ယူလို့ရတယ်လို့ ဆိုပါတယ်။ အခု ပုံတောင်ဂျီးယားရဲ့ သက်တမ်းကိုတော့ တွေ့ရှိရတဲ့မြေလွှာသက်တမ်းအတိုင်း တွက်ယူကြတာ ဖြစ်ပါတယ်။ ပိုတက်စီယမ် အာဂွန်နည်းတွေ၊ radio activeနည်းတွေနဲ့ မစမ်းသပ်ခဲ့ရသေးပါဘူး။ မြေလွှာသက်တမ်းနဲ့ပဲ နှစ်သန်း ၄၀ ဟာ သေချာတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

 

ကမ္ဘာ့စာနယ်ဇင်းတွေရဲ့ တူညီတဲ့ အာဘော်ကတော့ မြန်မာနိုင်ငံ အလယ်ပိုင်း ပုံတောင်ဒေသမှာ တွေ့ရှိခဲ့တဲ့ နှစ်သန်းပေါင်း ၄၀ သက်တမ်းရှိ ပရိုင်းမိတ် ရုပ်ကြွင်းမေးရိုးများက ရာစုနှစ်တ၀က်လောက် အပြင်းအထန် ငြင်းခုန်နေကြတဲ့ လူ၊ မျောက်၊ လူဝံ၊ မျောက်စံ၊ မျိုးနွယ် အင်သရိုပ္ပိုက်တို့ စတင်ဖြစ်ပေါ်ရာ အရပ်ဟာ အာဖရိကလား၊ အာရှလားဆိုတဲ့ ပြဿနာအပေါ် တစ်နည်းတစ်ဖုံ သြဇာသက်ရောက်မှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ လူ့ဇစ်မြစ် အင်သရိုပွိုက် ပရိုင်းမိတ်တွေစတင် ဖြစ်ပေါ်ပြန့်ပွားရာ အဓိကဒေသကြီး (the main theatre of origin)ဖြစ်လာဖွယ်ရှိကြောင်း၊ အီဂျစ်မှာ တွေ့ရတဲ့ ပရိုင်းမိတ်ထက် နှစ် ၁၀သန်း စောနေခြင်းက အာရှ ၊ အထူးသဖြင့် မြန်မာနိုင်ငံဟာ လူအပါအ၀င် အဆင့်မြင့် ပရိုင်းမိတ်တွေရဲ့ မူလဇစ်မြစ် ဗဟိုချက်မ ဖြစ်တယ်လို့ အဓိပ္ပာယ် သက်ရောက်နေကြောင်း အစရှိသဖြင့် ဖော်ပြထားကြပါတယ်။

 

ကျွန်တော့်မှာ ဖတ်ရင်းဖတ်ရင်းနဲ့ ကတ္တီပါစပေါ် လမ်းလျှောက်နေရ သလိုလို၊ မိုးတိမ်ကို စီးနင်းနေရ သလိုလို၊ ရင်ဘတ်ကြီးက ကော့ကော့ပြီး တက်လာနေသလိုလို၊ မျိုးမည်မသိ ဝေဒနာကို ခံစားနေရတာပါ။ အဲ့ဒါ ပီတိဝေဒနာ၊ နိုင်ငံအတွက် မြန်မာအတွက် ဂုဏ်ယူပီတိဖြစ်ရတဲ့ ဝေဒနာ၊ အလို ကမ္ဘာကြီးမှာ လူရယ်လို့ စဖြစ်တာ ငါတို့ဆီကပါလား။ ပုံတောင်ဆိုတာ ငါတို့ မုံရွာနားလေးတင်ပါလား။ ငါနေတဲ့ ဒေသဟာ ကမ္ဘာမှာ လူမျိုးနွယ်တို့ စတင်ဖြစ်ပေါ်ခဲ့တဲ့ နေရာပါလား ဆိုပြီး။ တစ်ခါမှ အခုလိုမျိုး ဒေသမာန် ဇာတိမာန်တွေ မတက်ခဲ့ဖူးပါဘူး။

 

ဒီလိုခံစားရတာ ကျွန်တော်တင်လား ဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ ဒီသတင်း ကြားသိရတဲ့ အချိန်ကစလို့ ဆရာအံ့မောင် (အန်းဒါးဆင်း)နဲ့ ဆရာဝင်းမောင် (သမိုင်း) တို့များဆိုရင် အတိုင်းမသိ ဂုဏ်ယူဝင့်ကြွားကြလွန်းလို့။ ခပ်လှမ်းလှမ်းကများ ကြည့်ရင် သူတို့ ရင်ဘတ်ကြီးတွေကိုပဲ မြင်ရတဲ့ အထိပါ။ ဘ၀အကျိုးပေးကောင်းလွန်းလို့ မုံရွာသား ဖြစ်ရတာတဲ့လေ။

 

သို့ပေမယ့် …… ။ xxxxxxxxxxxxx…………….xxxxxxxxxx xxxxxxxx

 

(၆)

မြန်မာနိုင်ငံ ဘူမိဗေဒ တိုင်းတာမှု လုပ်ငန်းတွေကို ဒုတိယကမ္ဘာစစ် မဖြစ်မီ အချိန်က အိန္ဒိယနိုင်ငံ ဘူမိဗေဒ တိုင်းတာရေးဌာနက ဆောင်ရွက်ခဲ့တာပါ။ အဲ့ဒီဌာနက ဘူမိဗေဒပညာရှင် ဒေါက်တာ ကော့တာ (G.Dc.P.Cotter)က ၁၉၁၆ခုနှစ်မှာ ပုံတောင်ဒေသကို ကွင်းဆင်းလေ့လာတော့ အီယိုဆင်း(Eocene)သက်တမ်းမှာရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီရုပ်ကြွင်းတွေကို ဒေါက်တာ ပစ်လ်ဂရင်း (G.E Pligrim) က အမျိုးအစားခွဲပြီး ရုပ်ကြွင်းတစ်ခုကို ပုံတောင်ဂျီးယားကော့တာရိုင် (Pondaungia Cotteri) လို့ ၁၉၂၇ ခုနှစ်မှာ ပထမဦးဆုံး ဖော်ထုတ်ခဲ့ပါတယ်။

 

အဲ့သလို မဖော်ထုတ်ခင် ၁၉၂၃ ခုနှစ်မှာ အမေရိကန် သဘာဝသမိုင်းပြတိုက်က ဘူမိဗေဒပညာရှင် ဒေါက်တာ ဘာနမ်ဘရောင်း (Barnum Brown)ကလည်း မုံရွာတစ်ဖက်ကမ်း ပုလဲမြို့နယ်၊ မိုးကောင်းရွာအနီးမှာ ပရိုင်းမိတ်ရုပ်ကြွင်းတွေ ထပ်ပြီး တွေ့ခဲ့သတဲ့။ ဒီရုပ်ကြွင်းတွေကို ဒေါက်တာ ကိုးလ်ဘတ်(E.H/Colbert)က အမျိုးအစားခွဲပြီး မျိုးစိတ်အသစ် တစ်ခုအနေနဲ့ အမ်ဖီပိသိကပ် မိုးကောင်းဂျင်းနစ် (Amphipithecus mogaungensis)လို့ အမည်ပေး ဖော်ထုတ် ဆွေးနွေးခဲ့ပါတယ်။

 

ဒါပေမယ့် တွေ့ရှိခဲ့ကြတဲ့ ရုပ်ကြွင်းတွေရဲ့ ရှေ့အံသွားတွေဟာ သုံးချောင်းဖြစ်နေတာကြောင့် အင်သရိုပွိုက် အဆင့်မြင့် ပရိုင်းမိတ် မဟုတ်ဘူးလို့ ပညာရှင်တွေက ငြင်းပယ်ခဲ့ကြသတဲ့။ အဲ့ဒီ နောက်ပိုင်းတွေမှာတော့ ရုပ်ကြွင်းတွေနဲ့ ပတ်သက်ပြီး သုတေသနတွေ ဆက်လက်ပြီး ရှာဖွေလေ့လာတာတွေ မလုပ်ခဲ့တာဟာ နှစ် ၅၀လောက် ကြာခဲ့ပါတယ်။ နှစ်ကြာတာကလည်း တစ်ကြောင်း ၊ ၁၉၆၄-၆၆ခုနှစ် အီဂျစ်နိုင်ငံမှာ နှစ်သန်း ၃၀ သက်တမ်းရှိတဲ့ အေဂျစ်ပတိုပိသိကပ်ရဲ့ ပြည့်စုံတဲ့ရုပ်ကြွင်းတွေကို တွေ့ရှိလိုက်တာကလည်း တစ်ကြောင်း ဆိုတော့ စောစောက ပုဂ္ဂိုလ်နှစ်ဦးရဲ့ တွေ့ရှိချက်ဟာ တဖြည်းဖြည်း မှေးမှန်သွားရတော့တယ်။ ထပ်မံ စူးစမ်းရှာဖွေတာတွေလည်း မရှိခဲ့လေတော့ Dr.Von Koenigswald တို့လို ပုဂ္ဂိုလ်တွေက မြန်မာနိုင်ငံမှာ တွေ့ထားပြီး ဖြစ်တဲ့ ပရိုင်းမိတ်တွေရဲ့ အမျိုးအစား ခွဲခြားမှုဟာ မမှန်ကန်ဘူးလို့ ၁၉၆၆ခုနှစ် တုန်းက ထုတ်ဖော်ပြောဆိုခဲ့တဲ့ အထိ မျက်နှာငယ်ခဲ့ရတာပါ။

 

ဒီလိုနဲ့ နေလာလိုက်ကြတာ ၁၉၇၈ ခုနှစ်မှာတော့ ပုံတောင်ဒေသဟာ ပြန်လည်ခေါင်းမော့ လာခဲ့ပါတော့တယ်။ ကမ္ဘာ့ပညာရှင်တွေ သမင်လည်ပြန် ပြန်ကြည့်လာရုံသာမက ကမ္ဘာ့စာနယ်ဇင်းတွေကပါ အုတ်အော်သောင်းတင်း ထုတ်ဖော် ကြေညာခဲ့ကြပါတယ်။ အဲ့ဒီနှစ်မှာ ပုံတောင်ရုပ်ကြွင်းတွေကို ထပ်ပြီးတွေ့ခဲ့ရတာကိုး။“ပုံတောင် ပြန်လာပြီ” လို့ ဆိုရမယ့်အချိန်ပါပဲ။

 

အပိုင်း ၂ ရဲ့ လင့်ကို အောက်က comment မှာ ချိတ်ပေးထားပါတယ်ခင်ဗျာ.

Advertisements

4 responses to “အာဖရိက ဇစ် မြစ်ကို စိန်ခေါ်နေသော မြန်မာ့အရိုးများ ( ၁ )

  1. အပိုင်း ၂ ကို ဆက်လက် ဖတ် ချင်ပါသည်

  2. အပိုင်းနှစ်အတွက်လင့်လည်းမတွေ့ပါ့လားဗျ…. :(

  3. Pingback: အာဖရိက ဇစ် မြစ်ကို စိန်ခေါ်နေသော မြန်မာ့အရိုးများ ( ၁ ) | pcfburmese·

  4. Stale news but fresh in taste.Filling a photo of anthropithicus shall make this perfect.

Comments are closed.