အမိမဲ့သားရေနဲငါးပမာဖြစ်ရသော လက်ပံတောင်းတောင်အစီရင်ခံစာ

ဦးဝင်းမျိုးသူ ၊      ၊ မျက်ကြည်လွှာထွက်သွားလို့ အရေးပေါ်မျက်စိခွဲစိတ်ထားရတာ ၂၁ ရက်ရှိသွားပါပြီ။ မျက်စိအခြေအနေတိုးတက်လာပေမဲ့ ဆရာဝန်က အပြည့်အဝအနားယူဖို့၊ မျက်စိကို အလွန်အကျွံအသုံးမချဘို့ ညွှန်ကြားထားပါတယ်။ ဒီနေ့တော့ ဒါတွေကို မလိုက်နာနိုင်ပါဘူး။ လက်ပံတောင်းတောင် အစီရင်ခံစာထွက်လာတယ်ဆိုလို့ ကျန်တဲ့မျက်စိ တစ်ဖက်နဲ့ ကြိုးစားပမ်းစား ဖတ်ကြည့်မိပါတယ်။ ဖတ်ပြီးတဲ့ အခါမှာလည်း ရင်ထဲမှာ တစ်ဆို့ဆို့ကြီးခံစားရလို့ ကိုယ့်ရဲ့ဝေဖန်သုံးသပ်ချက်ကို ချရေးမိပါတယ်။

         ပထမဆုံးပြောရရင်တော့ ကိုယ့်ရဲ့ခံစားချက်တွေဟာ တစ်ခုခုကို ထိန်ချန်ထားသလို ခံစားရပါတယ်။ ပြောသင့်ပြောထိုက်တာတွေကိုမပြောဘဲ၊ ထိန်ချန်ပြီး မရုတ်မလွန် မြွေမသေ၊ ဒုတ်မကျိုးပြောနေသလိုမျိုးဘဲ ခံစားရတယ်။ စီမံကိန်းရဲ့အားနဲချက်တွေကို ပြုပြင်ပြီး စီမံကိန်းကို ဆက်လုပ်သင့်တယ်လို့ အကြံပြုတာကို ဘယ်လိုမှ ဝေဖန်အပြစ်မပြောလိုပါဘူး။ ဒါပေမယ့် အောက်ဖော်ပြပါအချက်အလက်တွေနဲ့ ပတ်သတ်ပြီး ပိုပြီးတိတိကျကျ သုံးသပ်ဆွေးနွေး၊ အကြံပြုရင်ကောင်းမှာဘဲလို့ ထင်မိပါတယ်။

 

(၁)     ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်သုံးသပ်ချက်တွေက သိပ်ပြီးထူးထူးခြားခြားမပါရှိပါဘူး။ ကျားကိုက်ပါတယ်ဆိုမှ အပေါက်လေးလားဆိုသလိုပါဘဲ၊ ဒေသခံပြည်သူတွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေပြောတဲ့အချက်တွေကို ပြန်ပြီး တရားဝင်ဖြစ်အောင်ပြောတဲ့သဘော ဖြစ်နေတယ်။ ကော်မရှင်ပါ ပညာရှင်တွေအနေနဲ့ အကန့်အသတ်၊ အခက်အခဲတွေ အများကြီး ရှိမယ်ဆိုတာကို နားလည်တယ်။ ဒါပေမယ့် ကျားကိုက်တဲ့အပေါက်လေးက ဘယ်လောက်နက်လဲ၊ လူသေမှာလားဆိုတဲ့ အချက်လေးတွေပါအောင် ဆန်းစစ်သုံးသပ် ပေးနိုင်ရင် ကောင်းမယ်လို့ထင်ပါတယ်။ အထူးသဖြင့် စီမံကိန်းကို ဆက်မလုပ်စေလိုတဲ့ ဒေသခံတွေအနေနဲ့ ဒီစီမံကိန်းကြောင့်၊ မြေပေါ် မြေအောက်ရေညစ်ညမ်းမှုကြောင့် ချင်းတွင်းမြစ်ထိခိုက်ပြီး၊ မုံရွာမြို့ ကြီးပါ ဆိုးကျိုးကြုံတွေ့ရမယ့်ကိစ္စတွေကို စိုးရိမ်ပူပန်နေကြပါတယ်။ တနည်းအားဖြင့် ရေညစ်ညမ်းမှု ဖြစ်မယ်ဆိုက ငြင်းစရာမရှိတဲ့ အချက်ပါ။ ဒါပေမယ့် ဒီညစ်ညမ်းမှုဟာ ဘယ်အတိုင်းအတာအထိဖြစ်မလဲ၊ ဖြစ်နိုင်လဲဆိုတာကို ရှင်းလင်းသုံးသပ်ဖို့ကောင်းပါတယ်။ အခြေခံကိန်းဂဏန်းအချက်အလက် (Baseline Data) တွေ မရသေးလို့ ကံသေကံမ မပြောနိုင်သေးရင်တောင်မှ၊ ဖြစ်နိုင်ချေတွေ ပညာရပ်ပိုင်းဆိုင်ရာ ရှုဒေါင့်ကနေ ရှင်းရှင်းလင်းလင်းပြောပြသင့်ပါတယ်။ ဒီရှင်းလင်းချက်မပါရင် ဒီအချက်ကို စိုးရိမ်နေသူတွေဘယ်လိုမှ ကြောင့်ကြကင်းမှာ မဟုတ်ပါဘူး။

         ပတ်ဝန်းကျင်ရေးရာဆန်းစစ်ရာမှာ ဆိုးကျိုးဖြစ်မဖြစ်လေ့လာရုံတင်မကပါဘူး။ ထိခိုက်နိုင်မှု (Magnitude) နဲ့ ဆုံးရှုံးနစ်နာနိုင်မှု (Intensity) နှစ်ခုလုံးကိုပါခြုံပြီး သုံးသပ်ဖို့လိုပါတယ်။ စာရေးသူအနေနဲ့ စီမံကိန်းစနစ်တကျမဆောင်ရွက်ရင် ရေညစ်ညမ်းမှုရှိနိုင်တယ်။ အတိတ်ကာလအိုင်ဗင်ဟိုးကုမ္ဗဏီလုပ်ခဲ့စဉ်ကတည်းကကို ရေညစ်ညမ်းမှုတွေရှိခဲ့ဘူးတယ်။ ဒါကြောင့် တရုတ်ကုမ္ဗဏီတွေအနေနဲ့ ပတ်ဝန်းကျင်ကို အလေးမထားခဲ့ရင် ရေညစ်ညမ်းမှုတွေ ဖြစ်နိုင်တယ်လို့ခန့်မှန်းခဲ့ပါတယ်။ ဒါပေမယ့် ဒေသခံတွေပြောနေတဲ့အချက်က စိုးရိမ်ပူပန်မှုလွန်ကဲနေတယ်လို့ ထင်မြင်မိတယ်။ တရုတ်ကုမ္ဗဏီတွေရဲ့လုပ်ဆောင်မှုမှတ်တမ်းနဲ့လက်ရှိဆောင်ရွက်ပုံတွေကို လေ့လာသုံးသပ် ကြည့်ရင်၊ ပတ်ဝန်းကျင်ကို အလေးထားမှုအားနဲတယ်လို့သုံးသပ်နိုင်ပါတယ်။ ဒါကြောင့်မို့ ဒေသခံတွေစိုးရိမ်ပူပန်မှု လွန်ကဲနေတာကို အပြစ်ပြောလို့မရနိုင်ဘူး။ ပညာရပ်ပိုင်းဆိုင်ရာ ပိုမိုလေ့လာတိကျတဲ့အချက်တွေနဲ့ ဒေသခံတွေကိုရှင်းလင်းသင့်တယ်လို့ ထင်မြင်မိပါတယ်။ လက်ရှိအခြေအနေမှာ လေ့လာရေးကန့်သတ်ချက်တွေ၊ အခက်အခဲတွေကြောင့် ဒေသခံတွေ စိုးရိမ်မှုကို တိကျတဲ့အဖြေမပေးနိုင်သေးရင်လည်း၊ မပေးနိုင်သေးကြောင်း အတိအလင်းဖော်ပြပြီး၊ ဘယ်လိုဆန်းစစ်လေ့လာမှုတွေလုပ်ဘို့လိုတယ်၊ ဒါမှသာ ပိုပြီးတိတိ ကျကျပြောနိုင်မယ်ဆိုတဲ့ ရှင်းလင်းချက်တွေပေးသင့်ပါတယ်။

         ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်တဲ့အခါမှာ တစ်ရာရာခိုင်နှုန်းပြီးပြည့်စုံ Perfect ဖြစ်နိုင်ဘို့ မလွယ်ပါဘူး။ လေ့လာဆန်းစစ်တဲ့အခါမှာ အသုံးပြုတဲ့ ယူဆချက်တွေနည်းစနစ်တွေ တွက်ချက်မှုတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကြိုတင်ဖော်ပြထားဘို့လိုပါတယ်။ ဒါမှသာ ကိုယ့်ရဲ့သုံးသပ်ချက်ဟာ ဘယ်အတိုင်းအတာ အကန့်အသတ်ဘောင်အတွင်းမှာဘဲ မှန်နိုင်တဲ့ ရာခိုင်နှုန်း ဘယ်လောက်ရှိတယ်။ အများလက်ခံနိုင်တဲ့ အနေအထား ဘယ်လောက် ရှိတယ် ကြိုတင်ပြောထားမှ သုံးသပ်ချက်၊ အကြံပြုချက်တွေဟာ ပိုပြီး ထင်သာ၊ မြင်သာရှိပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ လေထုညစ်ညမ်းမှုကို စစ်ဆေးတိုင်းတာတဲ့ အခါမှာ လေထုထဲဖုန်မှုန့် (TSPM) များနေတာကိုသာထောက်ပြပြီး၊ SO2 ပမာဏကတော့ ညစ်ညမ်းမှုအဆင့်မရှိဘူးလို့ သုံးသပ်ထားပါတယ်။ စာရေးသူနားလည်ထားသလောက် ပြောရရင် လေထုညစ်ညမ်းမှုကို ပုံမှန် ရေရှည်တိုင်းတာမှုပြုလုပ်မှသာ လေထုထဲ အက်စစ် ပမာဏ သတ်မှတ်ချက်ထက် များမများသိနိုင်ပါတယ်။ လေထုထဲမှာရှိမယ့် အက်စစ်ပြင်းအားဟာ စိုစွတ်တဲ့ရာသီဥတု၊ အချိန်ကာလမှာ နည်းပါးလျက်ရှိပြီး၊ ခြောက်သွေ့တဲ့ရာသီ နေ့အချိန်တွေမှာ ပိုများပြားတတ်ပါတယ်။ အစီရင်ခံစာထဲမှာ အက်စစ်ပမာဏတွေဟာ လေထုထဲမှာ မများဘူးလို့ဆိုတဲ့အခါ ခေါင်းထဲကိုအတွေးဝင်လာတာက၊ ကော်မရှင်ရဲ့ လေ့လာဆန်းစစ်တဲ့နည်းစနစ်နဲ့ အချိန်ကာလတွေပါပဲ။ လေထုအရည်အသွေးစစ်ဆေးဘို့ နမူနာကောက်ယူတဲ့အခါမှာ ဘယ်အချိန်ကာလတွေမှာ ကောက်တာလဲ၊ ဘယ်နေရာတွေမှာ ဘယ်နှစ်ကြိမ်ကောက်လဲ၊ ကောက်ယူတဲ့နမူတွေကကော ဒေသတစ်ခုလုံးမှာ အက်စစ်ညစ်ညမ်းမှုမရှိဘူးလို့ ပြောလောက်အောင် ကိုယ်စားပြုနိုင်ရဲ့လား အစရှိသဖြင့် သိချင်လာပါတယ်။ ပတ်ဝန်းကျင်ရေးရာ အသေးစိတ်အစီရင်ခံစာမှာတော့ ဒီအချက်တွေပါမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုကို အစီရင်ခံတဲ့ အစီရင်ခံစာမှာ ဒီဆန်းစစ်တဲ့နည်းစနစ်တွေရဲ့  Degree of subjectivity တဖတ်သတ် ကိုယ်သန်ရာတွေးကောက်ချက်ချယူနိုင်မှုကို ဘယ်လိုလျော့ပါးအောင် လေ့လာသုံးသပ်ထားတယ်ဆိုတဲ့အချက်တွေ ယေဘူယျထည့်သွင်း ဖော်ပြသင့်တယ်လို့ ထင်ပါတယ်။ နို့မို့လိုဆိုရင် စီမံကိန်းကြောင့် အက်စစ်ဓာတ်များကြောင့် လေထုညစ်ညမ်းမှုမရှိဘူးဆိုတဲ့ တရားသေကောက်ချက်တွေ ဖြစ်သွားနိုင်ပြီး၊ အရေးကြီးတဲ့ အချက်တစ်ချက် ကျန်သွားနိုင်ပါတယ်။ SO2 ဟာပေါ့ပါးပြီး လေတိုက်အားပေါ်မှာ မူတည်ပြီး မိုင်ထောင်ချီပြေးနိုင်ပါတယ်။ ရာသီအလိုက် လေတိုက်ရာအရပ်ကိုလိုက်ပြီး အနောက်တောင်ဘက်နဲ့ အရှေ့မြောက်တွေဘက်မှာ SO2  ရဲ့ ဆိုးကျိုးဒဏ်ကို ခံရနိုင်ပါတယ်။ လေနဲ့ရေမှာ ပါလာတဲ့ အက်စစ်ဓာတ်ကြောင့် မြေအဆိပ်သင့်မှု (Soil contamination) နဲ့ပတ်သက်ပြီးတော့ အစီရင်ခံစာမှာ ဖော်ပြထားတာ သိပ်မတွေ့မိသလိုပါပဲ။ မြေအဆိပ်သင့်မှုဟာ စားနပ်ရိက္ခာထုတ်လပ်ရေးနဲ့ လူအများအဟာရ ဖွံ့ ဖြိုးရေးနဲ့ကျန်းမာရေးကိစ္စတွေမှာ အကျိုးသက်ရောက်မှုရှိတဲ့အတွက် အရေးကြီးတဲ့ အချက်တချက်ပါ။

 

(၂)     ပတ်ဝန်းကျင်ဆိုးကျိုးတွေနဲ့ပတ်သတ်ပြီး ပိုမိုသိရှိနားလည်နိုင်ဘို့ EIA ၊ SIA လေ့လာမှုတွေ ပိုမိုလုပ်ကိုင်ဘို့ အကြံပြုထားပါတယ်။ တဘက်တည်းမှာဘဲ ပတ်ဝန်းကျင်ပြုပြင်ထိန်းသိမ်းရေး စီမံချက် (EMP) တွေ ရေးဆွဲဘို့လည်း ပါ ပါတယ်။ ဒါပေမယ့် ဒီရေးဆွဲချမှတ်တဲ့ စည်းကမ်းတွေ၊ စီမံချက်တွေကို ဘယ်လိုလက်တွေ့မှာ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ဘို့ ဘယ်လိုအစီအမံတွေနဲ့ ကြီးကြပ်ကွပ်ကဲ စောင့်ကြည့်မဲ့ ယန္တယား (Environmental Monitoring Mechanism)  ကိုထားရှိဘို့လိုတယ် ဆိုတဲ့ အချက်ကို ဆွေးနွေးထားတာမတွေ့ရပါဘူး။ ဥပဒေစိုးမိုးရေးပြောသလိုပါဘဲ။ လွှတ်တော်တွေက ဘယ်လောက်ကောင်းတဲ့ ဥပဒေတွေ ထုတ်ပြန်ပြဌာန်းပေမယ့်၊ လက်တွေ့တွန်းအားပေးဆောင်ရွက်မယ့် Enforcement Mechanism စီမံခန့်ခွဲမှု ယန္တယားတွေမရှိရင် အရာမရောက်နိုင်ပါဘူး။ အထူးသဖြင့် ပြည်သူလူထုကို ဒီလိုစောင့်ကြပ် ကြည့်ရှု စီမံခန့်ခွဲပိုင်ခွင့် အခွင့်အာဏာ တနည်းအားဖြင့် Community Empowerment မလုပ်ဘူးဆိုရင် ရေရှည်မှာ လက်တွေ့အကောင်အထည်ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူထုကို ပတ်ဝန်းကျင်ရေးရာ ကိစ္စရပ်တွေမှာ အပြုသဘောမျိုးဆောင် ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်အောင် အမြင်ဖွင့် ပြုစုပျိုးထောင်ပေးရင်း၊ သူတို့ကိုယ်တိုင် ဘယ်လို တိုက်ရိုက် စီမံခန့်ခွဲနိုင်ခွင့် လွတ်လပ်စွာပြုမလဲဆိုတာ အစီရင်ခံစာမှာ အလေးပေးဆွေးနွေးသင့်ပါတယ်။

(၃)     လူမှုဆန်းစစ်ချက်မှာ မြေသိမ်းယူမှုလျော်ကြေးပေးတာတွေ ထင်သာမြင်သာမရှိမှုနှင့် ကာလပေါက်ဈေးအတိုင်း မပေးတာတွေကို ဒေသခံပြည်သူတွေပြောတဲ့အတိုင်းပဲ ထောက်ပြ သုံးသပ်ထားပါတယ်။ အကြံပြုချက်အနေနဲ့ မြေသိမ်းလျော်ကြေးပေးဘို့ရယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိအောင် ဆောင်ရွက်ဘို့ရယ်၊ အသေးစားနဲ့ အလတ်စားလုပ်ငန်း SME တွေဖွံ့ ဖြိုးအောင် ဆောင်ရွက်ပေးဘို့ရယ်ဆိုပြီး အဓိက အကြံပြုထားပါတယ်။ မစားရဝခမန်း ဒေါ်လာသန်းထောင်ချီမြတ်မယ့် စီးပွားရေးစီမံကိန်းတွေဆိုရင် ဘယ်လိုအကျိုးစီးပွားကို ခွဲဝေဖြန့်ဖြူးအောင်လုပ်မယ် (Benefit Sharing  and Wealth Distribution) ဆိုတာ တိတိကျကျ ဖော်ပြသင့်ပါတယ်။ တနည်းအားဖြင့် စီမံကိန်းကြောင့်ရလာမယ့် Economic Growth ကို equity အလို့ငှာ ဘယ်လိုဒေသခံပြည်သူလူထုကို distribute ဖြန့်ဝေမယ်ဆိုတာ အရေးကြီးပါတယ်။ ဒီကနေ့အပြောများတဲ့ Corporate Social Responsibility – CSR ဟာ အဖြေမဟုတ်ပါဘူး။ အားနည်းချက်တွေရှိပါတယ်။ CSR ဟာအဓိကအားဖြင့် လူ့အခွင့်အရေး အရသော်လည်းကောင်း၊ ဥပဒေအရသော်လည်းကောင်း၊ ပြဌာန်းထားတဲ့ ပတ်ဝန်းကျင်ရေးရာ စည်းကမ်း၊ လူမှုရေး ကျင့်ဝတ်တွေကို ကုမ္ဗဏီတွေကလိုက်နာတဲ့ အဆင့်ဘဲ ရှိပါသေးတယ်။ ကော်ပိုရေးရှင်းတွေ သဒ္ဒါရင် သဒ္ဒါသလိုပေးကမ်းစွန့်ကြဲတဲ့ လူမှုရေး ဒါနပြုမှုတွေရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် တိုးပွားလာတဲ့ အကျိုးစီးပွားကို ကနဦးအစကတည်းက ဘယ်လိုလူထုထဲကို ဖြန့်ဖြူးပေးမယ်ဆိုတဲ့ ကတိကဝတ်ပြုချည်နှောင်ထားမှုတွေမရှိပါဘူး။ မျက်စိထဲမြင်အောင်ပြောရရင် အိမ်ရှင်ချမ်းသာလာလို့ အိမ်ဖော်ကို သဒ္ဒါတရားအရ ရွှေဆွဲကြိုးဆင်ပေးတဲ့ အဆင့်ပဲ ရှိပါတယ်။ တကယ့်ကို တာဝန်သိတဲ့ စီးပွားရေး Responsibility Business  ဆိုတာ လူ့အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ရေးရာ စောင့်စည်းရမှာတွေကို လိုက်နာရုံတင်မကဘူး၊ စီပွားရေးလုပ်ကတည်းကကို ရလာမယ့် Growth ကိုဘယ်လိုပြည်သူထူထုကို တိုက်ရိုက်ရရှိအောင် ဖြန့်ဖြူးမလဲဆိုတာ စဉ်းစားပြီး စီမံကိန်းကို Design လုပ်ပြီး ရေးဆွဲအကောင်အထည်ဖော်ရပါတယ်။ အစိုးရကို အခွန်ပေးနေရတာပဲ၊ ဒေသခံတွေအလုပ်ရနေတာပဲ၊ ငွေတွေလှူနေတာပဲဆိုတာတွေနဲ့ မလုံလောက်ပါဘူး။ ငွေတွေအမြတ်ထဲကမှ ဘယ်လောက်ရာခိုင်နှုန်းနဲ့ ဒေသဖွံ့ ဖြိုးရေးကို နှစ်စဉ်ပုံမှန်ထောက်ပံ့မယ်။ အစရှိသဖြင့် တိတိကျကျ တာဝန်ယူသတ်မှတ်ဖော်ပြသင့်ပါတယ်။ နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းတွေဖြစ်တဲ့ IFC နဲ့ နိုင်ငံတကာဖွံ့ ဖြိုးရေး အဖွဲ့အစည်းတွေ လက်ခံထားတဲ့ လုပ်ငန်းလမ်းညွှန်ကတော့ မြေသိမ်းယူရတဲ့ ကိစ္စတွေမှာ သိမ်းခံရသူတွေ ဘဝရပ်တည်ရှင်သန်ရေးအတွက် အစီအမံတွေ အတိအကျပါဝင်သင့်တယ်လို့ မူဘောင်ချမှတ်ထားပါတယ်။ ဒါကြောင့်မို့လို့ ကြေးနီစီမံကိန်းဟာ အကျိုးအမြတ်တွေတွက်ချက်တဲ့ အတိုင်း ရှိနေမယ်ဆိုရင် အမြတ်ရာခိုင်နှုန်းတစ်ခုကို သတ်မှတ်ပြီး ဒေသဖွံ့ ဖြိုးရေး ရံပုံငွေတစ်ရပ်တည်ထောင်သင့်တယ်ဆိုတဲ့ အချက်ကို အလေးအနက်ထား အကြံပြုသင့်တယ်လို့ ထင်မြင်မိပါတယ်။ လူမှုရေး ဆန်းစစ်မှုထဲမှာ အငြင်းပွားစရာတစ်ခုက ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ၊ သာသနိကအဆောက်အဦး ကိစ္စ သုံးသပ်အကြံပြုချက်ပါပဲ။ လယ်တီဆရာတော်ကြီးဟာ ဝါးတဲကျောင်းမှာ သီတင်းသုံးစကြာံင်္လျှောက် ယာယီနေထိုင်ခဲ့တာပဲဖြစ်တယ်၊ လက်ရှိသာသနိက အဆောက်အဦးတွေဟာ ဆရာတော်ကြီးသတင်းသုံးခဲ့တဲ့ဟာတွေမဟုတ်လို့ ပြောင်းရွှေ့ဆောက်လုပ်သင့်တယ်လို့ သုံးသပ်အကြံပြုချက်ဟာ များစွာအံ့အားသင့်စေပါတယ်။ လယ်တီဆရာတော်ကြီးဟာ မြန်မာပြည်မှာ ဝိပ္ဗသနာတရားပြန်လည်ပြန့်ပွား၊ ထွန်းကားလာအောင် အဓိကဆောင်ရွက်ခဲ့တဲ့သူဆိုတာ အငြင်းပွားစရာမလိုတဲ့ သမိုင်းအချက်အလက်ပါ။ မုံရွာက သံဃာတော်တွေဆိုသလို လက်ပန်းတောင်းတောင်ဟာ လယ်တီဆရာတော်ကြီးရဲ့ ပရိယတ္တိနဲ့ ပဋိပတ္တိအလုပ်တွေနဲ့ အောင်မြေစိုက်ခဲ့တဲ့နေရာဆိုရင် စာရေးသူကတော့ရှေးဟောင်းသမိုင်းဝင်နေရာလို့ဆိုချင်ပါတယ်။ ဝါးတဲနဲ့ပဲနေနေ၊ တိုက်ကျောင်းနဲ့ပဲနေနေ အရေးမကြီးပါဘူး။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထား အလေးထားရမယ့် နေရာတစ်ခုပါ။ ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။ အလွယ်ဆုံးမြင်သာတဲ့ ဥပမာပေးရရင် ဂေါတမ ဗုဒ္ဓမွေးဖွားခဲ့တဲ့ လုမ္ဗဏီအင်ကြင်းတောကို ဘာမှ မူလလက်ရာအဆောက်အဦးတွေမရှိလို့၊ အင်ကြင်းပင်တွေမဟုတ်တော့လို့ ရွှေကြောကြီးရှိတယ်ဆိုပြီး ရွှေတူးပစ်မှာလားလို့ မေးရမလိုဖြစ်နေပါတယ်။ ကော်မရှင်အနေနဲ့ဒီအချက်ကို အလေးထားပြီး ပိုပြီးပြည့်စုံတဲ့ ရှေးဟောင်းသမိုင်းယဉ်ကျေးမှုဆိုင်ရာ လေ့လာဆန်းစစ်မှုတွေပြုလုပ်ပြီးမှု လက်ရှိအကြံပြုချက်ကို ပေးသင့်တယ်လို့ ထင်ပါတယ်။ လူမှုရေးဆိုင်ရာဆန်းစစ်ချက်ထဲမှာ သိပ်ပြီးမရှင်းလှတဲ့အချက်က စီမံကိန်းကြောင့် ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်မှုနဲ့ပတ်သတ်တဲ့ လေ့လာသုံးသပ်ချက်တွေပါပဲ။ ဒေသခံတွေရဲ့ရောဂါဟာ အက်စစ်ဓာတ်ကြောင့်ဖြစ်တာ မဟုတ်ဘူးလို့ကျန်းမာရေးကျွမ်းကျင်သူများက ဆိုတယ်လို့ အစီရင်ခံထားပါတယ်။ ဒီနေရာမှာ ဒီခလေးတွေရဲ့ ရောဂါဟာ အက်စစ်ဓာတ်ကြောင့် မဟုတ်ဘူးဆိုရင် အခြား Heavy Metal လို့ခေါ်တဲ့ သတ္တုလေးတွေကြောင့်ဖြစ်နိုင်တဲ့ အခြေအနေနဲ့ ကော သက်ဆိုင်မှုရှိလား၊ ရှိတယ်ဆိုရင်ကော ဒါက စီမံကိန်းသတ္တုတူးဖော်တာနဲ့ဆိုင်နိုင်လား၊ ဒါမှမဟုတ် ဒေသလူတွေ အရပ်နည်းနဲ့ ဒုထ္တာချက်တဲ့အတွက် ဆက်စပ်နေတဲ့ ကျန်းမာရေးဆိုးကျိုးဖြစ်နိုင်လားဆိုတာ ဆန်းစစ်ဘို့လိုပါမယ်။ ဒီလိုပိုပြီး အသေးစိတ်လေ့လာမှုရှိမရှိ အစီရင်ခံစာထဲမှာ ဖော်ပြမထားပါဘူး။ သတ္တုတွင်းတူးလို့ သတ္တုသန့်စင်ထုတ်လုပ်သယ်ယူ ပို့ဆောင် ထိတွေ့မှုများလို့ ပါဝင်တဲ့၊ ပါဝင်နိုင်တဲ့ အက်စစ်ဓာတ်တွေရယ်နဲ့ သတ္တုလေးတွေရဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကို သေချာဆန်းစစ်ဘို့ လိုပါတယ်။ ကော်မရှင်က တာဝန်ရှိသူတွေဟာ ပေးထားတဲ့ အချိန်ကာလထဲမှာ Rapid Health Assessment ကျန်းမာရေးရှောင်တခင်ဆန်းစစ်ခြင်းပြုလုပ်နိုင်ပါတယ်။ စီမံကိန်းဒေသတွင်းနှင့် စီမံကိန်း ပြင်ပဒေသမှာ ရှိတဲ့လူတွေရဲ့ ကျန်းမာရေးကို ကျပန်းနမူနာ ကောက်ယူစစ်ဆေးလို့ ရနိုင်ပါတယ်။ ကျေးလက်ကျန်းမာရေးဌာနတွေရဲ့ မှတ်တမ်းတွေကို ကောက်ယူပြီး၊ နှိုင်းယှဉ်လေ့လာပြီး ဖြစ်နိုင်ခြေ အကျိုးအကြောင်းတွေ သုံးသပ်နိုင်ပါတယ်။ အထူးသဖြင့် အက်စစ်အသုံးပြုတဲ့လုပ်ငန်းတွေဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ (Acute Respiratory Infectin – ARI) များဖြစ်ပွားနိုင်ပါတယ်။ ARI ဟာ ၅ နှစ်အောက်ကလေးတွေမှာ အသေအပျောက်အများဆုံး ဖြစ်စေတဲ့ ရောဂါတွေထဲက အရေးကြီးတဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ဆေးမှတ်တမ်းများအရရော၊ လျှောင်တခင်စစ်ဆေးမှုအရရော နှိုင်းယှဉ်လေ့လာနိုင်မယ်လို့ ထင်ပါတယ်။ စီမံကိန်းဒေသနဲ့ စီမံကိန်းပြင်ပကလူတွေကို နှိုင်းယှဉ်တဲ့အခါ ဒီလိုရောဂါမျိုးတွေ များမများ၊ များနေရင်လည်း စီမံကိန်းနဲ့ ဆက်စပ်မှုရှိမရှိဆိုတာ အစီရင်ခံစာထဲမှာပါတဲ့ ရေတွင်းတွေမှာ မာကျူရီဓာတ်များ မများနဲ့ စီမံကိန်းကြောင့်ဖြစ်နိုင်ချေရှိမရှိကို သုံးသပ်သလိုမျိုး လေ့လာဆန်းစစ် ဘို့လိုပါတယ်။ အခိုင်အမာဆက်စပ်မှုတွေ သက်သေမပြနိုင်သေးရင်လည်း ဘယ်လိုဆက်လက်လေ့လာသင့်တယ်ဆိုတာ ဆွေးနွေးသင့်ပါတယ်။ ဒီကိစ္စရပ်တွေ ကော်မရှင်အနေနဲ့ လေ့လာမလာဆိုတာ မသိရပါဘူး။ လေ့လာထားရင်လည်း လူထုသိအောင် အစီရင်ခံစာထဲမှာ ဖော်ပြသင့်ပါတယ်။

 

(၄)     အစီရင်ခံစာထဲမှာ စီးပွားရေးဆန်းစစ်ချက်ပါပါတယ်။ ဒါဟာစီမံကိန်းကို ဆက်လုပ်သင့်မသင့်ဆိုတာ စဉ်းစားတဲ့နေရာမှာ အရေးပါပါတယ်။ အထက်ပါဖော်ပြခဲ့တဲ့ အချက်တွေကို စီးပွားရေး အကျိုးအမြတ်အသာရမှုနဲ့ ချိန်ထိုးလေ့လာဘို့လိုပါတယ်။ အစီရင်ခံစာထဲမှာ အကျိုးအမြတ်များနိုင်တယ်။ အကျိုးအမြတ်ခွဲတဲ့နေရာမှာ မြန်မာဘက်က အသာစီးရပါတယ်ဆိုပြီး ကောက်ချက်ချထားပါတယ်။ ဒီလိုဖော်ပြရာမှာ စာရေးသူမရှင်းတဲ့အချက်က တကယ်အကျိုးအမြတ်ရနိုင် မနိုင်ကိုပါပဲ။ အကျိုးအမြတ်ခွဲဝေမှုကို ရှင်းပြတဲ့နေရာမှာ ရတဲ့ဝင်ငွေထဲက တိုက်ရိုက်ကုန်ကျစားရိတ် ၅၄% ကို နှုတ်ပြီး၊ ကျန်တဲ့ ၄၆ % မှာ အစိုးရက ဘယ်လောက်၊ ဦးပိုင်ကဘယ်လောက်၊ တရုတ်ကုမ္ဗဏီက ဘယ်လောက်ဆိုပြီး ယေဘူယျနိုင်ငံတော်မှာ အကျိုးအမြတ်ပိုရှိုတယ်ဆိုတဲ့ အချက်ပေါ်အောင် အလေးပေးရေးထားပါတယ်။ ဒီနေရာမှာ သတိချပ်ရမှာက၊ ရရှိတဲ့အကျိုးအမြတ်ရာခိုင်နှုန်း ၁ ရာခိုင်နှုန်းဟာ တစ်ဒေါ်လာဖြစ်နိုင်သလို၊ ဒေါ်လာ သန်းတစ်ရာလည်း ဖြစ်နိုင်ပါတယ်။ ရာခိုင်နှုန်း ဖော်ပြလိုက်ရုံနဲ့ ပတ်ဝန်းကျင်ဆုံးရှုံးမှုနဲ့ လူမှုရေးနစ်နာမှုတွေ ကြောင့်ပေးဆပ်လိုက်ရတဲ့ စီးပွားရေးကုန်ကျစရိတ် (economic cost) တွေနဲ့ နှိုင်းယှဉ်ပြီး အကျိုးအမြတ်ရှိမရှိကို လေ့လာချင့်ချိန်လို့ မရဘူးဖြစ်သွားပါတယ်။ ဈေးထဲမှာ ကုန်စိမ်းရောင်းတဲ့သူဟာ စီးပွားရေးပညာရှင်တွေသုံးတဲ့ Net Present Value တို့ Cost Benefit Ratio တို့ Internal Rate of Return တို့ မသိပါဘူး။ ဒါပေမယ့် တစ်နေ့ငွေသား ဘယ်လောက်ကျန်မလဲ၊ နေ့ပြန်တိုးဘယ်လောက်ကိုက်မလဲ၊ ဘဏ်မှာ ငွေစုထားတာထက် ဒါမှမဟုတ် သုံးကျပ်တိုးနဲ့ ငွေချေးရတာထက် သူ့စီးပွားရေး ကိုက်မကိုက်ကို ချင့်ချိန်စဉ်းစားတတ်ပါတယ်။ ဒီလိုရိုးရိုးလေး အခြေခံစဉ်းစားဘို့ကို လေ့လာသုံးသပ်ချက်မပါတော့ များစွာပဲ အံသြမှင်သတ်ရပါတယ်။ ဦးပိုင်ကရတဲ့ အကျိုးအမြတ်ရာခိုင်နှုန်းဟာ ပြည်သူတွေနဲ့မသက်ဆိုင်လို့ နိုင်ငံတော်က ရမယ့် အကျိုးအမြတ်ကိုပဲ၊ ပြည်သူတွေသွယ်ဝိုက်အကျိုးရှိစေမှာလို့ မှတ်ယူပါတယ်။ နိုင်ငံတော်က ရမယ့် အကျိုးအမြတ်ရာခိုင်နှုန်းထဲမှာ ဝင်ငွေခွန်အတွက် ရရှိမယ့် ရာခိုင်နှုန်းကို အဓိကအကျိုးအမြတ်အဖြစ် ဖော်ပြထားပါတယ်။ ဝင်ငွေခွန်ဆိုတာ မြတ်မှရမှာပါ။ မမြတ်ရင် မရဘူးလို့ မှတ်ယူနိုင်ပါတယ်။ ကျွန်တော်သိတာမမှားဘူးဆိုရင် ဝင်ငွေခွန်တွက်ချက်ဘို့ အတွက် ကြေးနီရောင်းရငွေထဲက တိုက်ရိုက်ကုန်ကျစရိတ်နှုတ်ရုံတင်မကဘဲ၊ သွယ်ဝိုက်ကုန်ကျစရိတ်သို့မဟုတ် ပြန့်နှံ့ကုန်ကျစရိတ်တွေ နှုတ်ရပါဦးမယ်။ တနည်းအားဖြင့် ကြေးနီထွက်ထွက် မထွက်ထွက်၊ ဈေးကောင်းနဲ့ရောင်းလို့ ရရ မရရ၊ ကုန်ကျမယ့် စီမံခန့်ခွဲစရိတ်တွေနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေရဲ့ နှစ်စဉ်တန်ဘိုးလျော့-အလျော့တွက် (Depreciation) စရိတ်တွေနှုတ်ရဦးမှာဖြစ်တယ်။ ဒီတော့ ကြေးနီစီမံကိန်းကုန်ကျစရိတ် ၅၄%မှာ ဒီစရိတ်တွေ တွက်ချက်ပြီး ပါမပါဆိုတာ အစီရင်ခံစာမှာ မကွဲပြားပါဘူး။ တကယ်လို့ မပါသေးရင် ထပ်ပြီး နှုတ်ဘို့လိုပါတယ်။ ဒီအခါမှာ ဝင်ငွေခွန်ဆောင်ရမယ့် ပမာဏဟာ ပိုပြီးနည်းသွားဦးမှာဖြစ်ပါတယ်။ ဒီမှာထပ်ဆင့်စဉ်းစားရမှာက တရုတ်ကုမ္ဗဏီအနေနဲ့ စီမံကိန်းကိုဆက်လုပ်ရင် လူမှုရေး၊ ပတ်ဝန်းကျင်ရေးရာ အတွက် ပိုမိုကုန်ကျစရိတ်တွေရှိလာမှာပါ။ ဒီထပ်ဆောင်းစရိတ်တွေနှုတ်လိုက်လို့ ဝင်ငွေခွန်ရဘို့ထပ်ပြီးနည်းသွားမလားဆိုတာ စဉ်းစားရမှာပါ။ တရုတ်ကုမ္ဗဏီအနေနဲ့လည်း ကုန်ကျတဲ့အတွက် သူရဲ့ ရရှိမယ့် အမြတ်ရာခိုင်နှုန်းဟာ ရင်းနှီးထားတဲ့ သန်း ၉၀၀ ကျော်နဲ့ယှဉ်ရင်တွက်ခြေကိုက်ပါ့မလား၊ ဘယ်လိုမှ တွက်ခြေမကိုက်ဘဲ ဆက်လုပ်မယ်ဆိုရင်တော့ တစ်ခုခု မှားနေပြီဆိုတာ အထင်းကြီး သိနိုင်ပါတယ်။ အလှည့်အပတ်မျိုးစုံနဲ့ ဘယ်လိုအကျိုးအမြတ်ထုတ် ဦးမှာလဲဆိုတဲ့ သံသယတွေကြီးထွားလာမှာပါ။ ကြေးနီစီမံကိန်းရဲ့ စီးပွားရေးတွက်ချေကိုက်မှုနဲ့ ပက်သတ်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ထားတဲ့ ဆောင်းပါးတစ်ခုကို အင်တာနက်ထဲမှာ ဖတ်ရပါတယ်။ ဒီအချက်အလက်တွေမှန်မမှန် စာရေးသူ မစစ်ဆေးနိုင်ပေမယ့်၊ တင်ပြထားချက်တွေဟာ ယုတ္တိဗေဒကျတယ်ဆိုတာ တွေ့ရပါတယ်။ ဒီတော့ ကော်မရှင်အနေနဲ့ ဒီဆောင်းပါးပါ ဝေဖန်ချက်တွေကို ရှင်းလင်းတင်ပြနိုင်မယ့် လေ့လာသုံးသပ်အကြံပြုချက်မျိုးဖြစ်သင့်ပါတယ်။ စီးပွားရေးအကျိုးအမြတ်ဆန်းစစ်တဲ့နေရာမှာ မထင်မှတ်နိုင်တဲ့ အကြောင်းရာများကြောင့် ထုတ်လုပ်မှုလျော့ပါးသွားတာ၊ ဈေးနှုန်းမှန်းထားသလောက်မရတာ အစရှိတဲ့ ဆုံးရှုံးနိုင်မှုအန္တရာယ် (RISK) တွေကို ထည့်သွင်းစဉ်းစားမှု ဘယ်လောက်အတိုင်းအတာအတွင်း စီးပွားရေးအကျိုးအမြတ်ရရှိနိုင်မှုဟာ အပြောင်းအလဲရှိနိုင်တယ်ဆိုတာ ထည့်သွင်းတွက်ချက်စဉ်းစားသင့်ပါတယ်။ ဆုံးရှုံးနိုင်ခြေထည့်မတွက်ထားရင် တွက်ရေးတော့ စက်သူဌေးပဲ ဆိုသလို အဖြစ်မျိုး ရောက်နေမှာပါ။ ကော်မရှင်မှာ တာဝန်ရှိသူတွေဟာ ဒီလိုလေ့လာတာကို နောက်တဆင့် Feasibility Study ဖြစ်နိုင်ခြေဆန်းစစ်မှုတွေလုပ်မှ သုံးသပ်မယ်လို့ စဉ်းစားထားလား မသိပါဘူး။ ဒါဆိုရင်တော့ အားနည်းချက်တွေကိုပြင်ပြီး စီမံကိန်းကို ဆက်လုပ်သင့်တယ်လို့ အကြံပြုတာဟာ စောနေမလားလို့ တွေးစရာတွေပေါ်လာပါတယ်။

 

(၅)     အစီရင်ခံစာမှာ စီမံကိန်းခွင့်ပြုအကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာ ထင်သာမြင်သာမှုမရှိတာတွေ၊ တာဝန်ယူမှုအားနည်းနေတာတွေ၊ လုပ်ထုံးလုပ်နည်းမကျတာတွေ ထောက်ပြဝေဖန်ထားပါတယ်။ ဒါတွေက မဆန်းပါဘူး။ အားလုံးသိပြီးသားအချက်တွေပါပဲ၊ ဒီထက်မက ဝှက်ထားတဲ့အချက်တွေရှိဦးမယ်လို့ ယုံကြည်မိပါတယ်။ ဘယ်လိုပြောပြောဒီအားနည်းချက်တွေကို တရားဝင်ထုတ်ဖော်ပြောဆိုတဲ့အတွက် ကော်မရှင်ကို ကျေးဇူးတင်ရပါမယ်။ ဒါပေမယ့် အခြားဘဝင်မကျတဲ့အချက်က စီမံကိန်းအကောင်အထည်ဖော်တာကို ခေတ္တဆိုင်းငံ့ထားဘို့ အကြံပြုတင်ပြထားတာ မပါလို့ပါပဲ။ အစီရင်ခံစာမှာ ဖော်ပြထားသလို လူမှုရေး၊ ပတ်ဝန်းကျင်ရေးပြုပြင်စရာတွေလိုသေးတယ်။ ဆက်လက်လေ့လာစရာတွေလိုသေးတယ်ဆိုရင်၊ ဒီလိုလိုအပ်ချက်တွေပြည့်မှီပြီးမှ သဘောတူညီချက်အသစ်နဲ့ စာချုပ်ထပ်ချုပ်ဆိုပြီး စီမံကိန်းအကောင်အထည်ဖော်သင့်ပါတယ်။ မသေချာမှုတွေ Uncertainty တွေများနေသေးတဲ့ကာလမှာ စီမံကိန်းကို ဇွတ်တိုးဆက်မလုပ်ဆောင်သင့်ပါဘူး။ ကော်မရှင်ပဲ မျက်စိမှောက်လေသလား၊ မျက်လုံးတစ်ဘက်နဲ့ အစီရင်ခံစာဖတ်ရတဲ့ စာရေးသူမှာပဲ မျက်စိလျှန်းလေသလား မသိဘူး။ ဒီအချက်တွေပါတာ မတွေ့ရပါဘူး။ ဒါမှမဟုတ်လက်ရှိမှာ စီမံကိန်းရပ်ဆိုင်းထားဘို့ သက်ဆိုင်ရာက ညွှန်ကြားချက်ထုတ်ပြီးသားလား စာရေးသူမသိပါ။

         အထက်က တင်ပြခဲ့တဲ့အချက် ငါးချက်ဟာ၊ သာမန်အတွေး၊ သာမန်အသိနဲ့ပဲ နှိုင်းယှဉ်သုံးသပ်နိုင်မယ်ထင်ပါတယ်။ အဆင့်မြင့်ပညာတွေ သင်စရာမလိုပါဘူး။ ဘွဲ့လွန်ပါရဂူဘွဲ့တွေယူစရာမလိုပါဘူး။ ပတ်ဝန်းကျင်ရေးရာ၊ အခြေခံအသိပညာ အထိအတွေ့ရှိယုံမျှနဲ့ အလွယ်တကူစဉ်းစားနိုင်မဲ့အချက်တွေ ဖြစ်မယ်လို့ ထင်ပါတယ်။

ဝက်မှေးရွာသူ တစ်ယောက်က ပြောပါတယ်။ စီမံကိန်းကြောင့် သူ့တို့ဘဝတွေ နစ်နာသွားပါစေ။ နိုင်ငံတော်တကယ် အကျိုးရမယ်ဆိုရင် ဒေသခံတွေ ပေးဆပ်ရကျိုးနပ်ပါတယ်လို့ ပြောပါတယ်။ ဒီတင်ပြချက်အတွက် အစီရင်ခံစာ တိတိကျကျရေရေရာရာ အဖြေပါမနေပါဘူး။ စာရေးသူဟာ လက်ပံတောင်းအရေးနဲ့ ပတ်သက်လို့မေးလာတဲ့ မီဒီယာမှန်သမျှ၊ အကြံဥာဏ်ကောင်းတဲ့ ဒေသခံမည်သူမဆို၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အချိန်ကာလမှာ လက်ပံတောင်းတောင် ပြဿနာကို ဒီမိုကရေစီနည်းကျကျ ဥပဒေဘောင်အတွင်းက ရှင်းလင်းဘို့ အစဉ်အမြဲ တိုက်တွန်းခဲ့သူပါ။ စုံစမ်းလေ့လာသူတွေရဲ့ သိက္ခာသမာဓိ၊ ပညာဥာဏ် အတွေ့အကြုံနဲ့ ပြည်သူ့အကျိုးဆောင်ရွက်လိုတဲ့စိတ်တွေ အပေါ်မှာ သံသယမရှိဘို့ အချိန်တိုင်းမှာ နေရာတိုင်းမှာ ၊ ကိုယ့်အမြင်ကိုတင်ပြခဲ့သူပါ။ အပြည့်စုံ Perfect မဟုတ်ရင်တောင်မှ အကောင်းဆုံးတော့ဖြစ်မှာ ပါလို့ မျှော်လင့်မိပါတယ်။ သို့သော်လည်း အထက်မှာ တင်ပြခဲ့သလို သာမန်အတွေး၊ သာမန်အသိနဲ့ လေ့လာသုံးသပ်တင်ပြရမယ့် အချက်တွေ အစီရင်ခံစာမှာ မတွေ့ရတော့ များစွာအားငယ်မိပါတယ်။ ကော်မရှင်မှာ တာဝန်ရှိသူတွေအနေနဲ့ မသိလို့ မရေးတာမဟုတ်ဘဲ၊ ကြိုတင်ဆုံးဖြတ်ပြီးသား အချက် (Pre-defined Judgement)  ကို အထောက်အကူပြုရုံလောက် ပံ့ပိုးပေးရုံအတွက် မရုတ်မလွန်ရေးနေတာလားလို့ ထင်ယောင်ထင်မှားဖြစ်လာပါတယ်။ ဆရာဝန်တွေ လူနာကို စမ်းသပ်တဲ့နေရာမှာ ဖြစ်နိုင်ချေရှိတာတွေ အားလုံးကို Diagnosis ဆန်းစစ်လေ့လာသုံးသပ်ကြပါတယ်။ ဒီတွေ့ရှိချက်ပေါ်မှာ မူတည်ပြီးမှသာ ကုသမယ့်နည်းလမ်းမျိုးစုံကို စဉ်းစားပြီးမှ လူနာနဲ့ အသင့်တော်ဆုံးနည်းလမ်းကို လူနာနဲ့ ညှိနှိုင်းပြီး ဆုံးဖြတ်ရွေးချယ်တတ်ကြပါတယ်။ လက်ပံတောင်းတောင်ပြသနာမှာ ပေးလိုတဲ့ဆေးအတွက် လူနာကို လိုသလောက်လေးစစ်ဆေးသလို ဖြစ်နေလားလို့ စဉ်းစားမိပါတယ်။ လက်ကုန်ထုတ်လေ့လာသုံးသပ်ထားတယ်လို့ မမြင်မိပါဘူး။ ဒီလိုကြီးမားတဲ့စုံစမ်းစစ်ဆေးမှုတွေမှာ အစီရင်ခံစာအကြမ်းကို Peer Review လိုခေါ်တဲ့ အခြားပြင်ပသင့်တော်တဲ့သူတွေ ဝေဖန်သုံးသပ်ချက်တွေကို ရယူပြီးမှ အပြီးသတ်ကောက်ချက်ချ အစီရင်ခံစာပြုစုလေ့ရှိကြပါတယ်။ ဒါမှမဟုတ်လည်း Public Hearing ပြည်သူ့ကြားနာတာကို ဆောင်ရွက်ပြီးမှ အပြီးသတ်ဆောင်ရွက်လေ့ရှိပါတယ်။ ကော်မရှင်အနေနဲ့ ဒီလိုလုပ်ဘို့ လုပ်ငန်းစဉ်ပါမပါ မသိရပါဘူး။ ဒီလိုမသေမချာရှိနေတဲ့ စီမံကိန်းမှာ မပြီးမပြည့်စုံတဲ့လေ့လာသုံးသပ်မှုတွေနဲ့ အဖြေထုတ်မယ်ဆိုရင် စာရေးသူတို့ ပြည်သူတွေအနေနဲ့ အမိမဲ့သား၊ ရေနဲငါးလိုပဲ တကယ့်ကို ခိုကိုးရာမဲ့ ဖြစ်ရပါတယ်။ စာရေးသူတို့ အယုံကြည်ဆုံး၊ အမျှော်လင့်ဆုံးလူတွေကမှ တွေ့ကြုံနေရတဲ့ ပြသနာတွေကို အတတ်နိုင်ဆုံး ကာကွယ်မဆောင်ရွက်ပေးဘူးဆိုရင် ဘယ်သူတွေက အနာဂတ်မှာ ဆောင်ရွက်ပေးကြမှာလဲ ။ အကောင်းမြင်ဝါဒရှိဘို့အမြဲ ကြိုးစားသူတွေအနေနဲ့ပြောနိုင်တာက တော့ ကော်မရှင်ရဲ့ ကြိုးပမ်းမှုဟာ၊ လိုအပ်ချက်တွေရှိနေပေမယ့် ဖြစ်နိုင်တာကို အကောင်းဆုံးလုပ်ထားတာပါဆိုပြီး ဖြေသိမ့်ရမှာပါ။ ဒီလိုတင်ပြနိုင်တာကကို အရှုံးထဲက ၊ အမြတ်ဖြစ်ပြီး၊ အနာဂါတ်မှာ လိုအပ်ချက်တွေကို ပြုပြင်ဖြည့်စွက်ပြီး ဆောင်ရွက်မယ်ဆိုရင် ဒီလိုရှုပ်ထွေးနက်နဲတဲ့ ပတ်ဝန်းကျင်ရေးရာကိစ္စရပ်တွေအတွက် အဖြေတစ်ခု နည်းပေးလမ်းပြ ရနိုင်တယ်ဆိုပြီး အားတင်းပြုံးပြရမှာဖြစ်ပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သတ်ပြီး၊ ဒေသခံတွေကတော့ လုံးလုံးကျေနပ်နိုင်မှာ မဟုတ်ဘူးဆိုတာ ကတော့ သေချာပါတယ်။ ပတ်ဝန်းကျင်ရေးရာ ပြသနာကစတဲ့နိုင်ငံရေးအရှုပ်အထွေးတင်းမာမှုတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်ကြည့်ရမှာဖြစ်ပါတယ်။

                                                                                 အားလုံးကျန်းမာချမ်းသာဘေးဘယာ ကင်းဝေးနိုင်ကြပါစေ။

သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ NGO တခုဖြစ်သည့် EcoDev ၏ အုပ်ချုပ်မှု  ဒါရိုက်တာ တဦးဖြစ်သူ
ဦးဝင်းမျိုးသူ ၏ Facebook စာမျက် နှာ မှ ကူးယူ ဖော်ပြထား ခြင်း ဖြစ်ပါသည်။

 

Feature Photo Credit : The Street View

Advertisements