နိုင်ငံရေးသမား ရောင်းရန်ရှိသည် အပိုင်း ၁

(နိုင်ငံရေး ဈေးသစ်ကြီးနဲ့ ငွေရှင်ကြေးရှင် အာဏာရှင်များ)

ဒီနေ့ မြန်မာနိုင်ငံမှာ ဈေးကွက်ကို ဘုရားသဖွယ် ကိုးကွယ်လာနေလိုက်ကြတာ ခုတော့
အားလုံးဟာ ရောင်းကုန် ဖြစ်ကုန် တော့တာပဲ။

လုပ်အားကလည်းရောင်းကုန်၊ လုပ်ပိုင်ခွင့်ပါမစ်ကလည်း ရောင်းကုန်၊ ပညာရေးကလည်း ရောင်းကုန်၊
မိန်းကလေးတွေကလည်း ရောင်းကုန်ဖြစ်လာတယ်။ ကုန်ကုန်ပြောရရင် နာမည်ကြီး ဓမ္မကထိက
ဘုန်းတော်ကြီးတချို့ရဲ့ တရားပွဲတွေကိုတောင် ရောင်းကုန်လို့ သဘောထားပြီး လုပ်စားသူ တွေ ရှိလာတယ်။

အဲသလို ပေါ်ထွက်လာတဲ့ ရောင်းကုန်တွေ အနက်မှာ ဈေးအပေါဆုံး နောက်ဆုံးပေါ် ရောင်းကုန်ကတော့
နိုင်ငံရေးသမား ဆိုတဲ့ ရောင်းကုန်ပဲ။

နိုင်ငံရေးသမားတွေကို ရောင်းနေဝယ်နေလိုက်ကြတာ တော်တော်များများလည်း ဈေးတည့်ကုန်ပါပြီ။
ဝယ်လို့ မရတဲ့ နိုင်ငံရေးသမားဆိုတာ နည်းနည်းပါးပါးပဲ ကျန်လိမ့်မယ်။ တော်တော်နည်းပါတယ်။

ရှယ်ယာနဲ့ ငွေကြေးအရောင်းအဝယ်လုပ် ဈေးကစားတဲ့ နာမည်ကျော်စီးပွားရေးသမား ဂျော့ဆိုးရော့စ်
မြန်မာနိုင်ငံလာသွားတုန်းက ၈၈ ကျောင်းသားတွေနဲ့ တွေ့သွားတာကို အားလုံးမှတ်မိကြမယ် ထင်တယ်။
ဒါပေမဲ့ ဆိုးရော့စ် ပြန်သွားပြီးနောက်မှာ ၈၈ ကျောင်းသားတွေကြား ပူညံပူညံ ဖြစ်သွားတဲ့ ပြဿနာ
တခုကိုတော့ လူအများသိကြမယ် မထင်ဘူး။ လူအများ မသိကြပေမဲ့ နိုင်ငံရေး အသိုင်းအဝိုင်းမှာတော့
တော်တော်များများ သိကြတယ်။ အဲဒါကတော့ ဆိုးရော့စ်က ကိုကိုကြီးလက်ထဲထည့်သွားတဲ့ ဒေါ်လာ
၂ သောင်းခွဲ ကိစ္စပါ။ အဲဒီဒေါ်လာ ၂ သောင်းခွဲကို ကိုကိုကြီးက ဘယ်သူ့မှ မပြောဘဲ တယောက်တည်း
ဒိုင်လျှိုလေးဖွက်သုံးတော့ ကိုမြအေးက မေးခွန်းထုတ်၊ ကိုကိုကြီးက အိုးနင်းခွက်နင်း ဖြေရှင်းချက်ထုတ်၊
မကျေမနပ်ဖြစ်ကြ၊ နောက်ဆုံးတော့ စည်းလုံးညီညွတ်ရေး ခေါင်းစဉ်အောက်မှာ အကျင့်ပျက်မှုကို
ဖုံးဖိမြိုသိပ်ထားလိုက်ကြရတယ်။ အငယ်ပိုင်း ၈၈ တယောက်ကတောင် “ကိုကိုကြီးလုပ်လို့ပေါ့ကွာ။
ငါသာလုပ်ရင် ဆောင့်ကန်ခံရတာ ကြာပြီ” လို့ မကျေမနပ်ပြောသေးတယ်လို့ ဆိုပါတယ်။။ မြန်မာ့သမိုင်းမှာ
သိန်းလေးဆယ်ကိုကိုကြီးနောက် ဒေါ်လာ ၂ သောင်းခွဲ ကိုကိုကြီး တယောက်ပေါ်ပေါက်ခဲ့ဖူးတယ်လို့များ
နောင်အခါ သမိုင်းမှာ မှတ်တမ်းတင်ကြမလား မသိဘူး။

၈၈ မျိုးဆက်အဖွဲ့နဲ့ ဆိုးရော့စ်နဲ့ အလွမ်းသင့်သွားလိုက်ပုံများကတော့ ၈၈ မျိုးဆက်ကျောင်းသား
အဖွဲ့တောင် ပွင့်လင်း လူ့အဖွဲ့အစည်းအဖွဲ့နာမည် ဖြစ်သွားတဲ့အထိပါပဲ။

၈၈ မျိုးဆက်အဖွဲ့ဟာ ပြည်တွင်းပြည်ပ ငွေကြေးထောက်ပံ့မှု အများဆုံးရတဲ့ အဖွဲ့တဖွဲ့ပဲ။ အများဆုံး
ထောက်ပံ့ကြေးရတာကတော့ ကိုမင်းကိုနိုင်နာမည်နဲ့ ရတာက အများဆုံးပဲ။ ဘယ်လောက်ဝင်ပြီး
ဘယ်လောက်ထွက်တယ် ဆိုတာကို ဘယ်သူမှတော့ သေသေချာချာ မသိကြဘူး။ ငွေဝင်ငွေထွက်ကို
အဓိက စီမံခန့်ခွဲပေးတဲ့ ကိုမင်းကိုနိုင်ရဲ့ လက်ရုံးကြီးကတော့ ကိုဂျင်မီလို့ အများသိထားကြတယ်။

၈၈ မျိုးဆက်အဖွဲ့ဟာ ငွေနဲ့ပတ်သက်လာရင် ပေးသမျှယူ၊ လှူသမျှစားနေတယ်လို့ ထင်စရာဖြစ်လာတယ်။
ဂစ်တာဘန်းပြပြီး ခရိုနီပေးတဲ့ငွေကို လက်ခံသလို ၊ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ၈ လေးလုံး နှစ်ပတ်လည်
နေ့ကြီးမှာ စစ်အာဏာရှင်တွေက နိုင်ငံရေး ရည်ရွယ်ချက် အပြည့်နဲ့ ပေးလာတဲ့ငွေကိုလည်း လက်ခံပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ရှစ်လေးလုံး နှစ်ပတ်လည် အခန်းအနားဟာလည်း စစ်ခေါင်းဆောင်တွေကို သွားဖိတ်လို့
အကြီးအကျယ် အငြင်းအခုန်ဖြစ်ခဲ့ကြရတယ်။ ဒီ့ထက်ပိုဆိုးတာက ရှစ်လေးလုံးနှစ်ပတ်လည်မှာ ရတဲ့
လှူဒါန်းငွေ သိန်း ၈၀၀ ကျော်ကို စာရင်းမရှင်းနိုင်တဲ့အချက်ပဲ။ ရှစ်လေးလုံးနှစ်ပတ်လည်ကနေ ဆုံးဖြတ်ချက်
တွေချပြီး၊ အဲဒီ ချထားတဲ့ ဆုံးဖြတ်ချက်တွေကို အကောင်ထည်ဖော်မယ့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီကို
ငွေသိန်း ၅၅၀ လှူဒါန်းမယ်လို့ ဆိုတယ်။ အဲဒီ သိန်း ၅၅၀ ဆိုတာကလည်း ဘာဆုံးဖြတ်ချက်မှ အကောင်အထည်
မဖော်ရသေးခင် တနေ့တခြား လုံးပါးပါးလာလိုက်တာ ခုတော့ ကုန်တော့မလောက် ဖြစ်လာတယ်။
ဘယ်လိုကုန်၊ ဘယ်လိုလျော့သွားတယ်ဆိုတာကိုလည်း စာရင်းရှင်း နိုင်သူ ဘယ်သူမှ မရှိတော့ဘူးလို့
သတင်းကြီးနေတယ်။ ဘဏ်စာရင်းလက်ခံဖွင့်ထားသူ ကိုတိုးကျော်လှိုင်နဲ့ ကိုညိုထွန်းတို့ ၂ ယောက်လည်း
ဘာမှ တတ်နိုင်ကြပုံ မပေါ်ဘူး။

၈၈ ခေါင်းဆောင် အားလုံးကိုယ်စီကိုယ်စီဟာ ခုတော့ ပြည်တော်သာနေကြပြီ။ သူတို့ လက်ထဲမှာ ဂလက်ဆီ
နုတ်တူးလေးတွေ ကိုယ်စီကိုယ်ငှ ကိုင်ထားကြတော့ ဂလက်ဆီ နုတ်တူး ဟာ ၈၈ ရဲ့ အိုင်ဒီကဒ်လို့တောင်
နိုင်ငံရေးလောကမှာ လူပြောများလာတယ်။ ငွေကြေးထောက်ပံ့သူတွေက လည်းရှိလာ၊ နိုင်ငံရေး ရည်မှန်း
ချက်တွေကလည်း အမျိုးမျိုးကွဲလာတော့ ၈၈ အဖွဲ့ကလူတွေကလည်း ဟိုလူက ရုံးခန်း တခန်းခွဲထောင် ဒီလူက
ရုံးခန်းတခန်းထောင် ကိုယ်စီကိုယ်စီ ရုံးခန်းတွေ အပြိုင်အဆိုင် ထွက်ပေါ်လာတယ်။ ကိုကိုကြီးဆိုရင်
သူတယောက် တည်းတွင် ရန်ကုန်မြို့ပေါ်မှာ ရုံးခန်း ၂ ခန်း ၃ ခန်းဖွင့်ထားပါတယ်။ ၈၈ တွေ အဲသလို သူတလူ၊
ငါတမင်းဖြစ်လာလို့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ သူတို့ကို ၃၇ မင်းလို့တောင် လှောင်ပြောင်ခေါ်ဝေါ်လာကြတယ်။

ပညာရေးနဲ့ ပြန်လည်ထူထောင်ရေးကို တာဝန်ယူထားတဲ့ ၈၈ ကိုစိုးထွန်းရဲ့ ရုံးခန်းမှာဆိုရင် အမေရိကန်က
လှူဒါန်းထားတဲ့ လက်ပ်တော့ ကွန်ပြူတာ အလုံး ၃၀ လောက်ရှိတယ်။ အဲဒီကွန်ပြူတာတွေမှာ “မကျွမ်းကျင်သူ
မပြင်ရ၊ ပေါက်ကွဲတတ်သည်” ဆိုတဲ့ သတိပေးစာတန်းတွေတောင်ပါနေတယ်။ အမေရိကန်က သူတို့ကို ဘယ်လို
လက်ပ်တော့ အမျိုးအစားတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ လှူဒါန်းထားတယ်ဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

အရင်တုန်းက ကျောင်းသားတွေ နိုင်ငံရေး လုပ်ရင် မိဘကပေးတဲ့ မုန့်ဖိုးငွေကလေးထဲကနေ ဖဲ့ထုတ်ပြီး
အိတ်စိုက်လုပ်ကြရတယ်။ အလုပ်သမားတွေ နိုင်ငံရေး လုပ်ရင်လည်း ချွေးနှဲစာထဲကနေ စုဆောင်းပြီး
ကိုယ့် ဖာသာ ရန်ပုံငွေထည့်ပြီး ခြစ်ခြုတ်ကြိုးစားလုပ်ကြရတယ်။ ဒီနေ့ခေတ်မှာတော့ ငွေမရှိရင် နိုင်ငံရေး
လုပ်လို့ မဖြစ်ဘူးလို့ ပြောလာကြတယ်။ ကိုယ့်ဖာသာ ရိုးရိုးသားသား နိုင်ငံရေးကို ကိုယ်ကျိုးစွန့် အနစ်နာခံ
လုပ်ချင် သူတွေတောင် သူများမေးငေါ့ခံလာရပြီး ကိုယ်ကပဲ တုံးလို့အလို့ တပြားမှ မရသလို ဖြစ်လာတယ်။
သူများ တွေ လက်ဖျား ငွေသီးနေတာကြည့်ပြီး ရိုးချင်သူတွေတောင် ကလက်ချင်၊ ပျက်ချင်လာကြတယ်။

ဒီလို “ငွေမရှိရင် နိုင်ငံရေး လုပ်လို့မရ” ဆိုတဲ့အတွေးအခေါ် ထူထောင်လာကြချိန်မှာပဲ ငွေပေးချင်လို့ ငွေ
ထုပ်ပိုက်ရှာ နေသူတွေကလည်း ပြည်တွင်းအထိ ရောက်လာကြတယ်။

အဲသလိုသူတွေထဲမှာ ၁။ စောစောကပြောတဲ့ ဂျော့ခ်ျ ဆိုးရော့စ် ရဲ့ အိုအက်စ်အိုင်ပါတယ်။ ဒါ့အပြင် ၂။ NED ပါတယ်။
၃။ ပြည်သူတွေရဲ့ ငွေနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ချမ်းသာလာကြပြီး အခုအခါ၊ လက်ထဲက ငွေမည်း၊
နာမည်မည်း၊ သမိုင်းမည်းကို လျှော်ဖွတ်ချင်နေသူ ခရိုနီတွေလည်း ပါတယ်။ သူတို့အပြင် ၄။ နိုင်ငံရေးသမားကို
ငွေနဲ့ဝယ်ချင်တဲ့ လက်ရှိ အစိုးရနဲ့ သူ့ဝန်ကြီးတွေလည်း ပါကြပါတယ်။

NED (National Endowment for Democracy) ဆိုတဲ့ အဖွဲ့အစည်းဟာ နာမည်နဲ့ လုပ်ရပ် ပြောင်းပြန်
အချိုးကျတဲ့ အဖွဲ့အစည်းကြီးရယ်လို့ ကမ္ဘာ့ ဒီမိုကရေစီ အသိုင်းအဝိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဖွဲ့ကြီးပါ။
စီအိုင်အေရဲ့ ရှေ့ပြေးတပ်ဖွဲ့လို့ ကိုယ်တိုင်ဝန်ခံထားတဲ့ အဖွဲ့အစည်းပါ။

ကမ္ဘာတလွှားမှာ ရွေးကောက်ပွဲများစွာကို ကြိုးကိုင်ချယ်လှယ်ခဲ့ဖူးသလို၊ NGO လို့ခေါ်တဲ့ အစိုးရနဲ့ မပတ် သက်တဲ့
အဖွဲ့အစည်းတွေကို ငွေနဲ့ပေါက်ဝယ်ပြီး တိုင်းငယ်ပြည်ငယ်တွေရဲ့ နိုင်ငံရေးကို ကြိုးကိုင်ဆော့က စားနေတဲ့
အဖွဲ့အစည်းကြီးတခုဖြစ်ပါတယ်။

အဲသလိုအဖွဲ့အစည်းကြီးက မြန်မာဝန်ထမ်းခန့်ထားပြီး ဗမာပြည်ထဲက အဖွဲ့အစည်းတွေအကြောင်း သတင်းပေး
လုပ်ခိုင်းထားပါတယ်။ NED ဆီက ထောက်ပံ့ငွေရရေးမှာ အဲဒီဝန်ထမ်းဟာ အရေးကြီးပုဂ္ဂိုလ် ဖြစ်လာပါတယ်။

NED ဆီက ငွေလိုချင်ရင် အောင်မော်ဇင်နဲ့ ဒီဇိုင်းနာ ပန်းချီဆရာ တယောက်ကို ကပ်ရမယ်လို့ ရန်ကုန် နိုင်ငံရေးလောကမှာ လူအများနားလည်ထားကြပါတယ်။ အောင်မော်ဇင်ကတော့ စောစောက ပြောတဲ့ NED ရဲ့ တရားဝင် မြန်မာ ဝန်ထမ်းပါ။
မန္တလေးသား ဒီဇိုင်းနာကတော့ ဘာ့ကြောင့် NED ရဲ့ငွေ ရရှိရေးမှာ အရေးပါ နေရတယ် ဆိုတာ ရှင်းရှင်းလင်း လင်း မရှိပါဘူး။
ဒါပေမဲ့ သူတို့ကို အကပ်ကောင်းရင် ငွေတကယ်ရ တာ တော့ အမှန်ပါ။

ကိုတိုးကျော်လှိုင်ကလည်း နိုင်ငံရေး အကျဉ်းသားခေါင်းစဉ်အောက်မှာ ဒေါ်လာ ၁ သောင်းခွဲရပါတယ်။ လက်ဝဲစာ
ရေးဆရာကြီးဆိုသူတချို့ဦးဆောင်တဲ့ စာရေးဆရာ သမဂ္ဂတောင်မှ စီအိုင်အေရဲ့ ရှေ့ပြေးတပ်ဖွဲ့ လို့ခေါ်တဲ့ NED ရဲ့
ထောက်ပံ့ငွေကို ပျော်ပျော်ကြီး ယူကြပါတယ်။ စာရေးဆရာ သမဂ္ဂက ဒေါ်လာ ၂ သောင်းခွဲ ရပါတယ်။

၈၈ ခေါင်းဆောင်များဟာ နေစောင်းရင်၊ ဖေသောင်းတို့ အရည်တောင်းပြီဆိုတဲ့ ကိုမင်းကိုနိုင်စာအုပ်ထဲက
အတိုင်း တံဆိပ်နီ၊ တံဆိပ်နက်၊ နှစ်ထပ်နက် ပုလင်းတွေနဲ့ ကောင်းစားနေကြပါတယ်။ သူတို့ထဲက အရေးပါတဲ့
ခေါင်းဆောင် တယောက်ဆိုရင် ဆေးစွဲနေရုံမက လူမှုရေး ဖောက်ပြန်မှု အပုပ်သတင်းကလည်း ပြန့်နှံ့နေပါတယ်။

ကိုယ့်နိုင်ငံသားတွေ နိုင်ငံခြားကငွေတွေ ဒီလိုမျက်မျက်ကလေး ရပြီး ကောင်းစားနေကြတာ သာဓုခေါ်စရာ
ပီတိပွားစရာလို့ တချို့က ထင်ချင်ထင်ကြပါလိမ့်မယ်။ တကယ်တန်း “ဆိုးရော့စ်ရဲ့ အိုအက်စ်အိုင်” တို့ “စီအိုင်အေ
ရှေ့ပြေး NED” တို့ရဲ့ အကြောင်းကို သိကြမယ်ဆိုရင်တော့ သာဓုခေါ်ဆိုနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒီအဖွဲ့တွေ
အကြောင်းကို ပြည့်ပြည့်စုံစုံသိဖို့က ရှည်ရှည်လျားလျား ရှင်းပြဖို့လိုပါမယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာ OSI နဲ့
NED တို့ကို အပိုင်းတပိုင်းစီ ခွဲပြီး သပ်သပ် ပြောပါမယ်။

NED ကအခုလို ခြေလှမ်းသွက်နေသလို သူ့ရဲ့ သြဇာအာဏာက ကမ္ဘာနဲ့ချီပြီး လွှမ်းမိုးကြိုးကိုင်ထား တာကိုသိတော့
Myanmar Peace Center က အောင်မော်ဇင်ရဲ့ အစ်ကို မင်းဇင်ကို တနှစ် လစာ ဒေါ်လာ ၅ သိန်းပေးပြီး အလုပ်လာ
လုပ်ဖို့ခေါ်ပါတယ်။ တနှစ် ဒေါ်လာ ၅ သိန်းဆိုတာဟာ တလ ဒေါ်လာ ၄ သောင်းကျော်ပါတယ်။
လူသိများနာမည်ကြီးနေတဲ့ မင်းဇော်ဦးလစာ ဒေါ်လာ ၁ သောင်းထက် ၄ ဆကျော် များပါတယ်။
ဒါပေမဲ့ မင်းဇင်က ငြင်းပါတယ်။ အရောင်းအဝယ်မဖြစ်လိုက်ပေမဲ့ ပေးတဲ့ဈေးကိုက စိတ်ဝင်စားစရာလို့ ဆိုရမှာပါ။

ရန်ကုန်နိုင်ငံရေးသိပ္ပံသင်တန်းကျောင်း YSPS ဆိုတဲ့ မဇင်မာအောင်တို့ရဲ့ ကျောင်းကတော့ ဥရောပ နိုင်ငံ
တနိုင်ငံကနေ ပေါင် ၁ သိန်း ထောက်ပံ့တာကို မြိုးမြိုးမျက်မျက် ရတယ်လို့ဆိုပါတယ်။

ဒီနေ့မြန်မာနိုင်ငံမှာ ရှိတဲ့ လူမှုရေး အဖွဲ့အစည်း၊ နိုင်ငံရေး အဖွဲ့အစည်းတွေထဲမှာ NED ၊ OSI
ထောက်ပံ့ကြေးနဲ့ကင်းလွတ်တဲ့ အဖွဲ့အစည်း ဘယ်နှဖွဲ့များ ရှိပါသလဲ။ ကုလသမဂ္ဂအဖွဲ့အစည်း
တချို့က လွဲရင် ကျန်တဲ့ အဖွဲ့အစည်းမှန်သမျှ မကင်းရှင်းကြသလောက်ပါပဲ။ ကုလသမဂ္ဂ
အဖွဲ့အစည်းတွေကို တော့ အမေရိကန်က တခြားလမ်းကြောင်းကနေ အသွင်တမျိုးနဲ့
ထောက်ပံ့ပါတယ်။

နိုင်ငံခြား အစိုးရရဲ့ငွေ၊ နိုင်ငံခြားကနေ ငွေပေးကြိုးကိုင်တတ်တဲ့ ခေါင်းကိုင်အဖွဲ့ကြီးတွေရဲ့ငွေ နဲ့
လွတ်ကင်းတာဆိုရင် မရှိတော့သလောက်ပဲ။ သူတို့ပေးတဲ့ငွေ ၊ သူတို့အကြံပေးဖွဲ့စည်းခိုင်းတဲ့အဖွဲ့ ၊
|သူတို့ခင်းပေးတဲ့ ကစားကွက်ထဲမှာ ကျနော်တို့ ဗမာပြည်က နယ်ရုပ်ကလေးတွေဟာ ကိုယ့်ကို
သူများက ကြိုးကိုင်လို့ကိုင်ထားမှန်း မသိဘဲ သူများစိတ်၊ ကိုယ့်ခန္ဓာနဲ့ လှုပ်ရှားနေကြရသလို ဖြစ်လာပါတယ်။

မိရိုးဖလာ ဘာသာရေး၊ လူမှုရေး အသင်းတွေနဲ့ ၂၀၀၇ သံဃာ့အရေးတော်ပုံမျိုးဆက် ကျောင်းသား
လူငယ် တွေလောက်ပဲ ကြိုးကိုင်သူတွေရဲ့ ဈေးကွက်အပြင်ဖက်မှာ လွတ်လွတ်လပ်လပ် ရပ်တည်
တယ်လို့ နိုင်ငံရေး လောကမှာ ပြောကြပါတယ်။

ဒါတောင် ဘယ်လောက်သန့်ရှင်းသလဲဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ မကြာသေးခင်က
လူငယ်ကျောင်းသား ခေါင်းဆောင်တချို့က NED ရဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၂ သောင်း ခွဲကို လက်ခံပြီး
စာဖတ်အသင်း လုပ်တယ်လို့ ကြားလာရပါတယ်။ အဖွဲ့အစည်းနဲ့ မဆိုင်ပါဘူး၊ အဖွဲ့အစည်းက
သဘောမတူဘူးလို့ ပြောတဲ့အသံမျိုးလည်း ကြားရပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းရဲ့ ထိပ်တန်းရာထူး
ယူထားတဲ့ လူတွေလုပ်တာကို အဖွဲ့အစည်းနဲ့ မဆိုင်ဘူးလို့ ပြောတဲ့ ကိစ္စမျိုးဟာ စဉ်းစားစရာအဓိပ္ပါယ်တွေ
အများကြီးရှိပါတယ်။

ဒီတော့ ဗမာပြည်က နိုင်ငံရေး ၊ လူမှုရေး အဖွဲ့အစည်းတွေ အားလုံး NED ၊ OSI ရဲ့ ထောက်ပံ့ငွေတွေနဲ့
ကြီးပွားနေကြပြီဆိုပါတော့၊ ဒါဆိုရင် ဗမာပြည်ရဲ့ ရှေ့နိုင်ငံရေးမှာ ဘာတွေ ဖြစ်လာနိုင်သလဲ။ နောက်အပိုင်း
တွေ မှာ ဆက်ရေးပါမယ်။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

Advertisements