ချားလ်စ် ဆမ်(မ်)နာ ( ၁၈၁၁-၁၈၇၄) ၏ ခရူးဆိတ်ဒ်

အေးအေးစိုးဝင်း ချားလ်စ်  ဆမ်(မ်)နာ ဂျန်န၀ါရီ ၆ ရက် ၁၈၁၁ မှာမွေးသည်။ ဒီနေ့ သူ့ မွေး နေ့။ မတ် ၁၁ ရက် ၁၈၇၄ မှာ သေဆုံးသည်။

မန်ဆာချူးဆက်ပြည်နယ်မှာ မွေးဖွား ကြီးပြင်းခဲ့သည်။ကလပ်ဆစ်ကယ်ပညာရေး  ရခဲ့သည်။ ဟားဗတ် တက္ကသိုလ် တက်ခဲ့သည်။ ဥပဒေ အထူးပြုလေ့လာသည်။ အသက် ၂၆ နှစ်မှာ  ပြင်သစ် ဂျာမဏီ အ၈င်္လန် သွား၍ ဥရောပ ယဉ်ကျေးမှုကို ၃ နှစ် နီးပါး လေ့လာခဲ့သည်။ ဥရောပက  အပြန် ဘောစတွန် မှာ  ရှေ့နေ ဖြစ်ခဲ့သည်။ ဟောပြောသင်ကြား မှုကောင်းသည့်  ဥပဒေနည်းပြ လည်း ဖြစ်ခဲ့သည်။ ဥပဒေ ဂျာ နယ်အချို့ မှာ ပင်တိုင် ဆောင်းပါးရေး စာရေးဆရာ ဖြစ်သည်။ ဥပဒေ စာစောင် အတွက် စာပြင်သူ၊ ဂျာနယ် အယ်ဒီတာ လည်း  ဖြစ်ခဲ့သည်။

ပြောရမည်ဆိုလျှင် သူက ၊ သူ့ ခေတ်ပြိုင်တွေထက် ပို ၍ စိတ်ပြင်းထန်သည်။ ကျွန်စနစ်ကို နိုင်ငံရေး သမားမဖြစ်ခင် ကတည်းက သူ့ ဖခင် ၏ သင်ကြားညွှန်ပြမှု နှင့် အတူ အသွေးအသားထဲက ဆန့်ကျင်ခဲ့သူဖြစ်သည်။  လင်ကွန်းသမ္မတထက်ပင် ဆမ်းမ်နားက  ပိုပြီး  ရက်ဒစ်ကဲလ် ဖြစ်ခဲ့သည်။ ကျွန် စနစ်နှင့်ပတ်သက်လျှင် အမေရိကန် ကွန် ဂရက်စ် ထဲက  ၂ဘက်ကြိုက် coalition ညွန့်ပေါင်း သဘောထားများ နှင့်  ဥပဒေများ သည် အခြောင်သမား များ အတွက် သာ ဖြစ်သည် ဟု လွှတ်တော်ကတင်သွင်းသမျှ  ညွန့်ပေါင်း အဆိုများ နှင့် နည်းဥပဒေ မှန်သမျှကို သူက ပြစ်ပြစ် နှစ်နှစ် ပြောဆို ဆန့်ကျင် သည်။ ထို့ကြောင့် သူ့ မှာ မိတ်ဆွေ မရှိ။
တောင်နှင့်မြောက် စစ် မဖြစ်ခင် ခပ်စောစော နှစ်များစွာ ကတည်းက   လွှတ်တော်ရင်ပြင် မှာ သူ့ အတွက် မိတ်ဆွေ မရှိခဲ့  ခြင်းမှာ၊ သိပ်မသေခြာသော၊ ခြံစည်းရိုး ခွထိုင် သော ရီပတ် လဘစ်ကန် ရက်ဒစ်ကယ်များကိုပါ သူက ချမ်းသာ မပေးခဲ့သော ကြောင့် ပင်တည်း။

ကျွန်စနစ်ကို သူက  တခြား အမတ်တွေလို စိတ်မပါ့တပါ ကန့်ကွက်ခဲ့ခြင်းမျိုးမဟုတ်။ သူတယောက်တည်း အဟော အပြောပြင်းပြင်း ဖြင့် အလွန် ခေါင်းမာစွာ  ဆန့်ကျင် လာခဲ့တာမျိုးဖြစ်သည်။
ပါလီမန် ၏ ၁၈၅၀ ကျွန်စနစ်  ပြုပြင်ရေး ဥပဒေများ၏ မသန့်စင်မှု ကို သူတယောက် တည်းတိုက်သည်။  ထွက်ပြေးသော ကျွန် ပြေးနိုင်လျှင်လွတ်စေ၊ အမဲလိုက်သလို အလိုက်ခံရ၍ ထပ် မပြေးနိုင်လျှင်ခံပေရော့ သဘော ပါဝင်သည့်၊ ကျွန်ပိုင်ရှင်များကို  အသာစီးပေးထားသည့် မူလ ဖျူဂျစ်တစ်ဖ် အက်ဥပဒေကိုပါ ပြင်းပြင်းထန်ထန် ရှုံ့ချ ကန့်ကွက်ခဲ့သည်။

 ပြည်တွင်းစစ်ကာလတွေမှာ  တောင်ပိုင်း ကွန်ဖဒရိတ်၊ ကျွန်စနစ်ထောက်ခံသော ဘက်ခြမ်း အပေါ် သမ္မတ ကိုင်တွယ် ဆက်ဆံတာ  ပျော့ လွန်းသည်ဟု သမ္မတ လင်ကွန်းကိုပင် ဝေဖန်ခဲ့သည်။ သမ္မတ လင်ကွန်း နှင့်  အနီးကပ်ဆုံး အလုပ်လုပ်ခဲ့သော အမတ်လည်းဖြစ်သည်။ လွှတ်တော်မှာ အပြော အကြမ်းဆုံး၊ ဝေဖန်ရေး အပြင်းထန်ဆုံး၊ ကြားနေ ဆိုသော အယူအဆ လုံးဝ မရှိသည့် ဆိနိတ်တာ ဖြစ်ခဲ့သည်။

၁၈၅၄ နောက်ပိုင်း မှာ ကန့်ဆတ်ပြည်နယ် အတွင်း သွေးစွန်းသော ရာဇ၀တ်မှုများ ဆက်တိုက်ဖြစ်လာသည်။ ကန့်ဆတ် နဘာစကာ အက် ဥပဒေ(၁၈၅၄) ကြောင့် ဟု ဆမ်းမ်နားက ပစ်မှတ်ထားသည်။ ဤ ဥပဒေအရ အရ  ကျွန်စနစ်က ပိုပြီးပင် တရားဝင် ဖြစ်လာသည်။  ကျွန်ပြုစီးပွားရေး လုပ်ငန်းများ က  စားကျက်ပြောင်း  နေရာပြောင်းပြီးပါမှ ပို၍ တွင်ကျယ်လာတော့သည်။ လွတ်လပ်သော ပြည်နယ် နယ်နမိတ်များကို ကျော်၍ အကြမ်းဖက်မှု တွေလည်း ဗြောင် ကျကျ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။ သည်လို ဖြစ်လာဖို့ကို ဒီမို ကရက် အမတ်များက ပညာသားပါပါ စားကျက် ရွှေ့ ဥပဒေပြုခဲ့ခြင်းသာဖြစ်သည်။ ထို့နောက် သူတို့အကျိုးစီးပွားအတွက် သူတို့ ရေးဆွဲ အတည်ပြုခဲ့သော ဥပဒေဖြင့်  ကန့်ဆတ် နှင့် နဘာဆကာ ပြည်နယ်တွေမှာ   လွတ်လွတ်လပ်လပ် အကြမ်းဖက် ခွင့်ကို ပါ တောင်ပိုင်းပြည်နယ်များက ဆက်တိုက်လွန်ကျုး လျက်၊ ကျွန်လုပ်ငန်းကို ဆက်လက်  ဖေါက်ကားနေကြသည်။

 

ထို စီးပွားရေးအမတ် တို့ အား အပြင်းထန်ဆုံး ထိုးနှက်သော ရာဒစ်ကယ် ရီပတ်ဘလစ်ကန် အမတ်များတွင် ဆမ်းမ်နားက ဗိုရ်စွဲသည်။ အမေရိကန်လွှတ်တော် ရှိ တောင်ပိုင်းပြည်နယ် ကိုယ် စားလှယ်များ နှင့် အလွန် ချမ်းသာသော ကျွန်ပိုင်ရှင်ကြီးများကို သူက လွှတ်တော် တက် ပင့်ပ် ( ဖါဂေါင်းကြီးများ)ဟု ခေါ်ဝေါ် သည်။ သူ့ပြင်းထန်သော မိန့်ခွန်းများကြောင့် ရန်သူတော် တောင်ပိုင်းသား အမတ်များက သူ့ ကို သေနတ်နဲ့ ပစ်သတ်ဖို့ပင် ကြံခဲ့ကြသည်။

 

Lithograph of Preston Brooks' 1856 attack on Sumner; John L Magee, the artist depicts the faceless assailant bludgeoning the learned martyr.

Lithograph of Preston Brooks’ 1856 attack on Sumner; John L Magee, the artist depicts the faceless assailant bludgeoning the learned martyr.

 

သွေးစွန်းသော ကန့်ဆတ်ဥပဒေ(၁၈၅၄)ကို လက်တလုံးကြား ရေးဆွဲသည့် စာရေးဆရာ များမှာ တောင်ကာရိုလိုင်းနားအမတ် နှင့် အီလီ နွိုင် က အမတ် ၂ ဦး ဖြစ်သည် ။ သူတို့ကို ဆမ်မ်နား က ၁၈၅၆ မေလ မှာ လက် ညိုးငေါက်ငေါက် ထိုး၍ လွှတ်တော်မှာ ရှုံ့ ချ တိုက်ခိုက်သည်။ မိန့်ခွန်းရှည်ကြီးများ ဖြင်ံ သူ့အဆို ကိုယ့်အဆို  တင်သွင်းကြသော အခါ ဆမ်းမ်းနားက ၃ နာရီ နီးပါးခန့်  တောင် ပိုင်း အမတ်တို့ ၏ လူ မဆန်သော ဥပဒေကို ထိုးနှက် ခဲ့သည်။ ၂ ရက် အကြာ မှာ   တောင်ကာလိုလိုင်းနားဆိနိတ်တာ၏ တူ တော်သူ  ကာရိုလိုင်းနားပြည်နယ်  အောက်လွှတ်တော် အမတ် ဘရွတ်ခ် က  ဆမ်းမ်နားကို ကိုယ်ထိလက်ရောက် တုပ်ဖြင့် ရိုက် နှက်ခဲ့သည်။
လွှတ် တော် ကို မနက်တိုင်း လမ်းလျှောက် လာ  သည့်ဆမ်းမား အား လမ်းပေါ်မှာ ရိုက်ဖို့ ပထမ  ကြံစည် သော်လည်း မဖြစ်လာခဲ့။ လွှတ်တော် ရုံးဆင်း လှေခါး ပေါ်မှာ ရိုက် ဖို့အကြံ လည်း မအောင်ခဲ့။  လူကောင်ကြီး၍ မကြောက်တတ်သော ဆမ်းမ်နားကို ချောင်းရိုက်မှ အလုပ်ဖြစ်မည်ဟု နောက်ဆုံးတွက်ဆခဲ့ကြပုံရသည်။ ထို့ကြောင့် လွှတ်တော် ခဏ နားချိန်၊ တခြားလူများ အနားမှာ တယောက် မှ မရှိတုန်း ဆမ်းမ် နား တယောက် ထဲ သူ့ခုံမှာ ထိုင် စာရေးနေသော အချိန်မှာ မှ  ကွန်ဂရက်စ် အမတ်ဘရွတ်ခ် က နောက် က အသာလေး ချဉ်းကပ်လာပြီး လူအုပ်စု နှင့်  ဆမ်းမ်နားကို  ချောင်ပိတ်၊ သေလောက် သည် အထိ ကျွဲရိုက် နွားရိုက်  ရိုက်ခဲ့သည်။ ဘရွတ်ခ်ကို သူ့ အဖေါ် တခြား ဒီမို ကရက် အမတ်များက ကာ ပေးထားကြသည်။ သူတို့ရိုက်လို့ ဝတော့၊ လူတွေသိ စဆွဲကြတော့ မှ ကျူးလွန်သူ လူတစု က  ကျိုးပဲ့ လဲကွဲ နေသော ဆမ်းမ်နားကို  သွေးအိုင် ထဲ မှာ  ထားပစ်ခဲ့ကြသည်။

ဤ အဖြစ်အပျက်  အပြီး သူ့ မျက်လုံးတဖက် ပေးလိုက်ရသည်။ လွှတ်တော် ကြမ်းပေါ်မှာ သေလု မြော ပါး အရိုက် ခံရအပြီး သူ နားလံ ပြန် မထူတော့။ တနှစ်ကျော် အကြာ လွှတ် တော် ကို ပြန်လာထိုင်သော်လည်း၊ သူ တနေကုန် မထိုင်နိုင်တော့။ ဆိနိတ်တာ ဆမ်းမ်နား စိတ်ပိုင်း ရုပ်ပိုင်း  ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရခဲ့သည်။ သူချက်ခြင်းပုံ မှန် မဖြစ်လာခဲ့။  ခေါင်း၊ မျက်နှာ၊လက်၊ ကျော ရိုး တွင် ရခဲ့သော ဒဏ်ရာ များကြောင့် လွှတ် တော် မှ ၃ နှစ် ကျော် နားခဲ့ရသည်။ ဆမ်းမ်နား ဘုန်းဘုန်းလဲနေစဉ်ကာလ အတွင်း မြောက်ပိုင်းပြည်နယ် တွေမှာ ကျွန် စနစ် ဆန့်ကျင်ရေး စိတ် ဓါတ် ပို မို အားကောင်းလာခဲ့သည်။

ဒဏ်ရာတွေ ကြောင့် သူ အိပ်ရာပေါ် က မထ နိုင်သော နှစ်များ အတွင်း၊ လွှတ်တော်က  သူ့ထိုင်ခုံ က ထိုင်သူမရှိ။ ဟောင်းလောင်းလေးဖြစ်နေသည်။ လူမရှိသော ဆမ်းမ်နား ထိုင်ခုံက ကျွန်စနစ်ကို တိုက်လိုသူတွေ အတွက် စိတ်ခွန်အားဖြစ်စရာ အထိမ်းအမှတ် သင်္ကေတ ဖြစ်လာသည်။  လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ၏ အနှစ်သာရ  ကို  သူ့ ခုံအလွတ် လေး က စကားပြောနေ၏။  အကြမ်းဖက် တိုက်ခိုက်သူ များ အတွက် အရှက် ရဖွယ်လည်း ဖြစ်ခဲ့ဟန်ရှိသည်။ သို့သော်.. ကျွန် စနစ်ကို လိုလားသည့် တောင်ပိုင်းသတင်းစာတွေက ကျူးလွန် ရိုက် နှက်သူကို –ကျားကျားယားယား စစ်သူရဲကောင်းကြီး ဘရွတ်ခ်–ဟုပင် ဘွဲ့ထူးတပ် ခေါ်ကြသည်။

ဆမ်းမ်နားသည် ကျောင်းဆရာဖြစ်သည်။ ဥပဒေပညာရှင်ဖြစ်သည်။ ဂျာနယ်လစ် ဖြစ်သည်။ အယ်ဒီတာ စာရေးဆရာ ဖြစ်သည်။ သူ ယုံကြည်ရာ သူပြောသည့်၊ မည်သည့် မျက်နှာ မှ မကြည့်သည့် တရားဟော ဆရာ လည်း ဖြစ်သည်။ ပါတီစွဲ မထား။ သူကြိုက်တာ သူလုပ်သည်။ အယူ အဆ နှင့် ပတ်သက်လျှင် moderation အသင့် အတင့် ပေါ့ ဟု ဆိုကာ ဟိုဖက်ကြည့်ဒီဖက်ကြည့် ခွပြီး မလုပ်တတ်။  နိုင်ငံရေးမှာ မှန်ဖို့၊ တရားနည်းလမ်းကျဖို့၊ ဓမ္မ ဦးဆောင်ဖို့သာ အဓိက ဟု ပါတီမရွေး၊ ဘက်မရွေး ဝေဖန် တိုက်ခိုက် နိုင်သူဖြစ်သည်။ အခွင့်အရေးသမားတွေက သူ့ကို ခွဲထွက်ရေးကို အားပေးသည့် ညီညွတ်မှု ဖြိုခွဲသည့် ပြဿနာ ရှာသူ အဖြစ် ပုံဖေါ်ကြသည်။ ဆမ်းမ်နား ကား အထူးခေါင်းမာသူ ဖြစ်သည်။

 

သူ နိုးပြောခဲ့၊ ဆန့်ကျင်ခဲ့သော အရာတွေက  များစွာ။ အမေရိကန်-စပန်းနစ်ရှ် စစ်ပွဲ ကို ဆန့်ကျင်သည်။ ကြားနေ ရီပါဘလစ်ကန်များကို ဆန့်ကျင်သည်။ အကျဉ်းထောင် လုပ်ထုံးလုပ်နည်းများကို ဆန့်ကျင်သည်။ ခွဲခြားသင်ကြားသည့် ပညာရေးစနစ်ကို ဆန့်ကျင်သည်။ အမေရိကန် လွှတ်တော်မှ ၁၈၅၀ခုနှစ်  ရှည့်လည်းလျောက်သာ ပျားလည်းစွဲသာ လုပ်ပြီး၊ ကျွန်ပြု ခြင်းကို မစို့တပို့ အဖြစ်လောက်ပဲ ပြင်ဆင်ထားသည့် ၂ ဖက်ကြိုက်  ဥပဒေများ ကို တယောက် တည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်သည်။ ဆမ်းမ်နား က ဥပဒေ ကိုသာမက ကျင့်ဝတ် ကိုပါ နားလည် သည့် ဆိနိတ်တာဖြစ်သည်။ သူမတူအောင်ပြန် ခြေပ နိုင်သည်။  သူ့ ဖာသာ သူ အဆို  ပြု ရဲသည်။ လခယူ၊ တာဝန်မဲ့သည့် လွှတ်တော် အမတ်များကို  ဝေဖန် ထိုးနှက်ရဲသော  တကိုယ်တော် သမိုင်း ရှည် က သူ့ ကိုယ်ကျင့် ဆိုင်ရာ သီးခြား လက္ခဏာ ဖြစ်တော့သည်။

ကျွန်စနစ်သည်  ပြည်နယ်များအကြား အခွန် အတုပ်၊ အမြတ် အစွန်း ခွဲဝေရေး ပြဿနာ မဟုတ်ပဲ၊ ဓမ္မ အဓမ္မ ကျင့်ဝတ် မေးခွန်းသာဖြစ်သည် ဟု လင်ကွန်းကို သူ အကြိမ်ကြိမ် တရားဟောခဲ့သည်။ သမ္မတ လင်ကွန်းက ဆမ်းမ်နား သည် –ရှိသမျှ အမတ်တွေ ထက် သာလွန်သော တကဲ့ စံပြဓမ္မကထိက ပေတည်း။ အမေရိကန် နိုင်ငံသားတို့ ၏ နှလုံးသားကိုယ်စောင့်နတ် အဖြစ် ဆမ်မ်းနား က ပုံဆောင်ပြုသည် –ဟု သတ်မှတ် ထားခဲ့သည်။ ဒါကြောင့်လည်း ဆမ်းမ်နားကို သမ္မတ လင်ကွန်းကအထူးတလည် အားကိုး တိုင်ပင် ခဲ့တာဖြစ်သည်။ စာဆိုကြီး လောင်းဖဲလိုးလည်း တယောက် တည်းသမား ဆမ်းမ်နား အပေါ်အထူး သံယောဇဉ်ကြီးသည်။ ဆမ်းမ်နား ပြော ပေါက် ဆိုပေါက် ကို ဗွေ မယူ။ ဆမ်းမ်နား ဝါရှင်တန်ဒီစီကို အလုပ်ကိစ္စကြောင့် တက်သွားလျှင် တနင်္ဂနွေ နေ့တွေဟာ ဘောစတွန်မှာ ခြောက်သွေ့နေတာပဲ လို့  လောင်းဖဲလိုးက ရီစရာ ပြောတတ်၏။ ဆမ်းမ်နား ၏ မိန့်ခွန်းများ၊ ခြေပချက်များသည် သူ့ရန်သူတွေကို အမြှောက် နဲ့ ပစ်တာလောက်ကို ဆိုးပါတယ်လို့ လောင်းဖဲလိုးက ချစ်စနိုးဆိုသေး၏။

ဆမ်းမ်နား ကြေကွဲစရာ အဖြစ် က ဂျွန်ဘရောင်းကြေကွဲစရာအဖြစ် ထက် အနည်းငယ်  ပိုရှေ့ကျသည်။  သွေးစွန်းသော ကန့်ဆတ်ပြည်နယ် အရေးအခင်းများ ကလည်း  အတောမသတ် ဖြစ်နေသည်။ ပြည်နယ်တွေမှာ ကျွန်စနစ်လိုလာသူတွေ၏ အကြမ်းဖက်မှုများက ပိုလို့ ရေချိန်တက်လာသည်။ ထိုအခါ လူမဲကျွန်များဖက်က  ရပ်တည်ပေးသော၊ ပြောင်မြောက်သော၊   အမေရိကန် ဆရာစံ လည်း  ရှေ့တန်းထွက်လာတော့သည်။ ဂျွန်ဘရောင်းက ကျွန်တွေကို လူမဆန်စွာ နှိပ်စက်သည့် တောင်ပိုင်းသားတို့ကို ဘုရားသခင်၏ ရန်သူဟု သတ်မှတ်လျက်၊  တောင်ပိုင်းသား စစ်တပ် အရာရှိများကို လက်နက်ကိုင် ပုန်ကန်ခဲ့သည်။ မွန်မြတ်သော ရည်ရွယ်ချက် ရှိလင့်ကစား၊ အင်အားချင်း မမျှ၍ အမေရိကန် ဆရာစံ  ကျရှုံး ခဲ့ရသည်။ ထို လက်နက်ကိုင် ပုန်ကန်မှုကြောင့်  နောင်တွင်  ကြိုးပေးခံခဲ့ ရသည့်  ဂျွန် ဘရောင်း အား လှုံ့ဆော်ခဲ့သော အရာ များတွင် ကန့်ဆတ် က လူသတ်ပွဲများ သာမက၊ ဆမ်းမ်နား ၏ ကြေကွဲစရာ ဖြစ်ရပ် လည်းပါခဲ့သည်။

အေးအေးစိုးဝင်း ၏ facebook စာမျက် နှာ မှ ကူးယူဖော်ပြသည်။

 

ဆမ်းမ်နားကို ရိုက်နှက်ရာတွင် အသုံးပြုခဲ့သည့် ဒုတ် ကို ဘောစတွန်မြိ့ ရှိ လွှတ်တော်ရုံးဟောင်းပြတိုက်မှာ ထားသည်။

၁၈၇၄ မှာ နှလုံးရော ဂါဖြင့် ဆမ်းမ်နားကွယ်လွန်သည်။ အကျော်အမော် စာဆိုကြီးများဖြစ်သည့် အီမာဆင်၊ ၀စ်တက်ကာ၊ လောင်းဖဲလိုး နှင့် ဟိုးမ် တို့က သူ့အလောင်းကို ထမ်းကြသည်။  သူ့ သေပြီး သူ့ အတွင်းရေးမှုးဖြစ်သူ မော်ဖီး စတိုနီ က ဆမ်းမ်နားအထုပ္ပတ္တိတို ကို ရေးသည်။

 

“ချားလ်စ် ဆမ်းမ်နား သည်ကား သူ့ ရပ်တည်ချက် အပေါ် လုံးဝ မဖေါက်ပြန် သစ္စာ မယွင်းသည့် တကဲ့ ယောင်္ကျားဖြစ်၏။”

 
ရိုက်ခတ်ချက်များ

 

အမေရိကန် လွှတ်တော် ၏ အကောင်းဆုံး အဆိုးဆုံးများ ကို ဖန်တီးပေးမည့် ၊ တဖန် နိုင်ငံရေး ဂိုဏ်းပြောင်းခြင်း လက္ခဏာ ရပ်များပါဝင်သည့် နိုင်ငံရေး နည်းနာ များကို  ၁၉ရာစု ဒုတိယ နှစ် ၅၀ မှာလေ့လာတွေ့ရှိရသည်။ ဆမ်းမ်နားကို သေလုနီးပါး ရိုက်ခဲ့သော ဘရွတ် ကို အမေရိကန် လွှတ်တော်က ပြင်းပြင်းထန်ထန် အရေး မယူခဲ့။ ဘရွတ် က အားမရ၍  နောက် တယောက် ကို ပင် ထပ် ရိုက် လိုက်သေးသည်။ ထိုခေတ်အခါက လူစွမ်းကောင်းတွေ ကိုယ်ထိလက်ရောက် ရိုက်လို့လည်းရသည်။ လွှတ်တော်မှာ ရိုက် နှက်နေတာကို ထိုလွှတ်တော်သား အမတ်မင်း တို့ သြဇာညောင်းသည့် ပြည် နယ် သတင်းစာ များက နိုင်ငံတော်၏ အမျိုးသား ဂုဏ်ပုဒ်လို ချီးကျူး ဂုဏ်ပြု လို့လည်းရသည်။ ကျူးလွန်သူ အမတ် ဘရုခ်သည် တောင် ပိုင်း သတင်းစာ များ တွင်တောင်ပိုင်းသား ကျွန် ပိုင်ရှင်ကြီး များ အတွက် တကဲ့ ဟာကျူလီ ကြီးတယောက် အဖြစ် ဂုဏ်ပြုခံရသည်။ အမှန်လည်း တောင်ပိုင်းပြည်နယ်များ၏ ဟီးရိုးကြိးဖြစ်ခဲ့ပုံ ရပါသည်။

 

နားလေး၊ ခေါင်းကွဲ၊ ခါးကျိုး ၊ မျက်စေ့ တလုံး ကွယ်သွားသည် အထိ အမတ်တဦးကို တောင်ပိုင်းသား တခြား အမတ်တဦးက အဖွဲ့ အားကိုးဖြင့် က လွှတ်တော် ရင်ပြင်မှာ  ဗြောင် တက် ရိုက်လို့ ရသော အချိန်ဖြစ်သည်။ ထို အချိန်က ပြည်တွင်းစစ် မဖြစ်သေး။ ဆမ်းမ်နား ၏ စံပြ သဘောတရားများက ဂျွန်ဘရောင်း၏ လက်တွေ့ ပါသော   ဖီဆန် တော်လှန်မှု အတွက် ထိရောက်သော အကြောင်းကောင်း ဖြစ်ခဲ့သည်။ ကန့်ဆတ် ပြည်နယ် က သွေးစွန်းသော လူသတ်ပွဲများသည် လည်း အကြောင်း တကြောင်းဖြစ်သည်။

ပြည်တွင်းစစ်သည် ဘုရားသခင်က တောင်းဆိုသော စစ်ပွဲ သာ ဖြစ်သည်ဟု ဂျွန်ဘရောင်းက ယုံကြည်ထားသည်။ ရှောင်လွဲလို့ မရသော၊  လိုအပ်နေသော ပြည်တွင်းစစ် အတွက်၊ အပင်ပေါက်လာမည့် ဓါတ်ကူ မျိုးစေ့ ချပေး ခဲ့သည့် အမေရိကန် ဆရာစံ   ဂျွန်ဘရောင်း၏ သတ္တိ ဗျတ္တိ ကလည်း မသေး။ သူ့ သတ္တိက စပါတာကပ်စ် တို့ ကလပ်စ်မျိုးလို၊ အထက်တန်းစား အကောင်းစား  ဖြစ်သည်။ ဂျွန် ဘရောင်း ပုန်ကန်မှု ကျဆုံးချိန်မှာ သူ့ကို လင်ကွန်းက အရူး ဟု ခေါ်သော်လည်း ဂျွန်ဘရောင်း ကို သမ္မတလင်ကွန်း က စိတ်ထဲမှာ ကြိတ် သဘော ကျ နေရမည်။ ဂျွန်ဘရောင်းကို  ကြိုးပေးချိန်တွင် မြောက်ပိုင်း ပြည်နယ်များ နယူး အင်္ဂလန်  နယ်မြေဖြစ်သည့်  နယူးရောက်၊ ဘောစတွန်၊ ဖီလာဒဲလ် ဖီးယား မြို့များက ဘုရားကျောင်းတွေမှာ ကြက်သီးများထလောက်အောင်  ခေါင်းလောင်း တွေ ထိုးကြသည်။ အမေရိက ၏ ဆရာစံ ဂျွန်ဘရောင်းက အထူးတည်ငြိမ်စွာ ကြိုးစင် တက်သွားသည်။  —ငါ့သွေးမြေကျပြီးသောအချိန်မှာ  လူမဆန်စွာ ပက်စက်စွာ ဥပဒေမဲ့စွာ ကျွန်ပြုနေသည့် ဤနိုင်ငံမှာ ငါ့သွေး နှင့် နောင်လာနောက်သား ကလေး သူငယ် တို့သွေးများ ပေါင်းစပ် တတိုင်းပြည်လုံး သွေးချင်းချင်းနီလတ္တံ့  –ဟု သူ့ကို သေမိန့်ပေးတော့ တည်ကြည်စွာ ပြောခဲ့သည်။ သူပြောသည့် အတိုင်း သွေးချင်းချင်း နီသည့် ပြည်တွင်းစစ် ဖြစ် ခဲ့သည်။

 

ဂျွန်ဘရောင်း တက်သွားသည့် ကြိုးစင်သည် ဂျီးဆက်ကို တင်ထားသည့် ကားစင် လို ဂုဏ်သိက္ခာကြီးသော အောင်နိုင်မှု ဖြင့် တင့်တယ်ခန်းနား၏ ဟူ၍ စာဆိုကြီး ရာ့ဖ် ၀ဲဒို အမ်မာဆင်က ဂျွန်ဘရောင်းစိတ်ဓါတ်ကို ဆက်လက်  နှိုးဆော်ခဲ့သည်။

မှတ်ချက်

 

သမိုင်းသည် အရေးကြီးသည်။
သမိုင်းပစ္စည်းတွေလည်း အရေးကြီးသည်။
နေ၀င်းလက်ထက်မှ စပြီး သူတို့ သုံးခဲ့သည့်၊  ကျောင်းသားကို ရိုက်နှက်ခဲ့သော ဒုတ်၊ ဒါး၊ ကျောင်းသားကို သေအောင် တက်နင်းခဲ့သော ထရပ်ကား၊ တင့်ကား၊ ဗုံးခွံ၊ ကျည်ခွံ။

နိုင်ငံရေး အကျဉ်းသမားများကို နှိပ်စက်ရာတွင် သုံးသော ပစ္စည်းများ။ ၂၀၀၃ ဒေါ်အောင်ဆန်းစုကြည်ကားတန်းကို ဖြိုခွဲရာတွင် အသုံးပြုခဲ့သော ဒုတ်ဒါးများ၊  ၂၀၀၇ ဒီမိုကရေစီ ဘုန်းကြီးတွေကို ခြေမှုန်းရာတွင်  အသုံးပြုခဲ့သော သေနတ်၊ ကား၊ ဒုတ်၊ ဒါး  များ နှင့် တိုင်းရင်းသားရွာလေးတွေ ကို ရွာလုံးကျွတ် ဖျက်ဆီးရာတွင် သုံးခဲ့သော နည်းပညာများကို လည်း အနုပညာဆန်တာ တခုလုပ် ပြတိုက်လုပ်ပြ  ထားသင့်သည်။ ဒါတွေအားလုံးကို စနစ်တကျ ပြသဖို့  မြူဆီယမ် ခပ်ကြီးကြီးဆောက်ကာ သုတေသန လုပ်ငန်းပါ ယှဉ်တွဲ ဖြစ်လာသင့်သည်။ ဒါဆို  လူလည်းလာမည်။ ၀င်ကြေးကြီးကြီး သတ်မှတ်လျှင်တောင် လူ အတော် လာမည် ဖြစ်၍ ကြံ့ဖွတ်   ၀င် ငွေလည်းတိုးမည်။ civil society စစ်စစ် တွေမှာ သမိုင်းပြယုဂ် တွေလိုသည်။ သည်လို  မြူဆီယမ် များ မြန်မာနိုင်ငံမှာ ရှိကို ရှိရမည်။ အကြံပြုခြင်းသာတည်း။

Ref:
Charles Sumner by Anna Laurens Dawes – 1892
the Coming of the Civil War

Charles Sumner and the Coming of the Civil War -1960
by David Herbert Donald by David Herbert Donald

 

Advertisements