မိုးအေး၊ သူရိန် နဲ့ သမတ ဦးသိန်းစိန်……… ကိုညို။

ကိုညို 

မိုးအေး (၁၉၉၀ နိုဝင်ဘာ)

ကျနော့တကိုယ်လုံးရက်ပေါင်းများစွာရေးမချိုးရလို့ အနံ့အသက်တွေဆိုးဆိုးဝါးဝါးထွက်နေတယ်။
ခေါင်းမှာစွတ်ထားတဲ့အ၀တ်နက်ကြီးကလည်း ချဉ်နံ့စူးစူး နဲ့ ပိတ်လှောင်မွန်းကြပ်နေတယ်။
သူတို့ကျနော့်ကို ဘယ်ခေါ်သွားနေမှန်းမသိဘူး။ဘယ်အချိန်ရှိနေမှန်းလည်း မသိဘူး။
ကျနော့ကိုသီးသန့်ချုပ်နှောင်ထားတဲ့ ဆဲလ်ခန်းထဲကနေအိပ်ကောင်းတုန်းခေါ်လာတာဖြစ်တယ်။
ခေါင်းထဲမှာရိပ်တိတ်ရိပ်တိတ်နဲ့ မူးနောက်နေတယ်၊ အိပ်ရေးမ၀တာရော၊အားမရှိတာရော၊
ဗိုက်ထဲဟာနေတာရော၊ ရေအရမ်းဆာနေတာရော ဒုက္ခတွေအားလုံးစုပြုံခံစားနေရတယ်။

 

          ဟိုဘက်ဒီဘက် လူနှစ်ယောက် ကျနော့ပုခုန်းအကျီင်္စနှစ်ဘက်ကိုတင်းတင်းဆုတ်ကိုင်ပြီး
ဒရွတ်တိုက်ဆွဲခေါ်မတတ် မပြေးရုံတမယ်လျှောက်နေရလို့ ကျနော့ခြေလှမ်းတွေသွက်နေသလို
ထင်ရမှာပဲ။ အ၀တ်နက်စွတ်ထားလို့ ဘာမှမမြင်ရသလို မျက်စေ့ဖွင့်လိုက်ရင် ခေါင်းထဲမိုက်က
နဲဖြစ်တတ်လို့မျက်စေ့မှိတ်ပြီး သူတို့ခေါ်ရာနောက်မှေးလိုက်သွားတယ်။ တခါတခါ ဟတ်ထိုးလဲ
ကျမလိုဖြစ်ပေမဲ့ပုခုန်းစကို တင်းတင်းဆုတ်ဆွဲထိန်းထားလို့ မှောက်ရက်လဲမကျဘူး။

 

         ဗြုန်း ကနဲ တံခါးတချပ်ဆောင့်ကန်လိုက်တဲ့အသံကိုကြားပြီးကျနော့ခနာကိုယ်တခုလုံး
အခန်းဒေါင့်ကိုလွှင့်ပြစ်ခံလိုက်ရသလိုခံစားလိုက်ရတယ်။ လူလည်းထူပူသွားတယ်။နံရံနဲ
့ခေါင်းဆောင့်မိသွားတယ်နဲ့တူတယ် ခေါင်းတခုလုံးထူပူနာကျင်သွားတယ်။ “ ၀ါး..ဟားဟားဟား…”  ရုတ်တရက်ခြောက်ခြောက်ခြားခြားရီမောသံတွေကြားလိုက်ရတယ်။ကျနော်ထိတ်ကနဲဖြစ်သွားတယ်၊
“ဒီနားလာရပ်စမ်း” ခတ်မာမာအသံနဲ့ အမိန့်ပေးတဲ့ဆီခန့်မှန်းပြီးတိုးလျှောက်သွားလိုက်တယ်။“ဖြောင်း”
ကနဲ မြည်သွားတဲ့အသံနဲ့ပါးတဖက်ပူသွားတာနဲ့က တထပ်တည်းပဲ။ ကျနော် အတော်စိတ်ပျက်နေပြီ။လူလည်း
ညပေါင်းများစွာအနှိပ်စက် ခံရလွန်းလို့ ထုံးကျင်နေပြီ။ နာတာနဲ့ ထုံတာနဲ့ ခွဲခြားမရတော့ဘူး။ငရဲဆိုတာ ဒါမျိုးလား..။

 

 စိတ်ထဲ ဖြတ်ကနဲ အဲဒီ ဂရုဏာ အသံရှင်ကို သတိရလိုက်တယ်။သိပ်နာကျင်လာပြီ၊ ဝေဒနာကို
မခံစားနိုင်တော့ဘူးဆိုရင် အဲဒီအသံရှင်က ထူးထူးခြားခြားပေါ်လာတတ်တယ်။အဲဒီအသံဟာ
ကျနော့ရဲ့မျော်လင့်ချက်ဖြစ်တယ်။ လုံးဝမလွတ်မြောက်သေးပေမဲ့ သူလာရင် ဝေဒနာတွေအ
ခိုက်အတန့်သက်သာတယ်။ အဲဒီအသံဟာ ကျနော့ဘက်က တချိန်လုံး ဖေးမပေးတယ်။ ကျနော့အပေါ်
လူသားတယောက်လိုဆက်ဆံတယ်။ နားလည်မှုပေးတယ်။ ဟိုတနေ့ကလည်း ဒီအတိုင်းပဲသူတို့နှိပ်
ဆက်စော်ကားနေတုန်း အဲဒီအသံပိုင်ရှင်ရောက်လာတယ်။  တချိန်လုံးမတ်တပ်ရပ်နေရလို့ ဒူးတွေ
ညွှတ်ကိုင်းနေပြီ။ခြေသလုံးတွေတောင့်ပြီး နာကျင်ထုံထိုင်းနေပြီ။ အသိကတချက်တချက်လွတ်နေပြီ။
“ ဟာ.ဟ မင်းတို့ဘယ်လို လုပ်နေတာလဲ၊ သူ့ကိုထိုင်ခုံပေးလိုက်စမ်း” အဲဒီဂရုဏာ အသံ စကားဆုံးတာနဲ့
ထိုင်ခုံပေါ်ထိုင်ခွင့်ရလိုက်တယ်။ နာရီပေါင်းများစွာ မတ်တပ်နာကျင်နေရာက ထိုင်ခုံပေါ် အားရပါးရ
ထိုင်လိုက်ရတဲ့အရသာဟာ ဘာနဲ့မှမတူဘူး။ ချက်ခြင်း နာကျင်ညောင်းညာနေတာတွေ အားလုံး
ယူပစ်လိုက်တဲ့အတိုင်းလွင့်စင်ကုန်တယ်။သူ့ကြောင့်ထိုင်ခွင့်ရတာ..။

 

စစ်ကြောရေးဝင်တိုင်းကျနော်သတိထားမိတယ်။ သူတို့နှိပ်စက်တာမခံနိုင်တော့ဘူး၊
သိတ်နာကျင်လာပြီဆိုရင် ဂရုဏာအသံနဲ့အတူသူ ရောက်ရောက်လာတယ်။ သူလာရင်
အနည်းဆုံးကုလားထိုင်မှာထိုင်ရမယ်။ ပျော့ပျော့ပြောင်းပြောင်းနဲ့ မေးခွန်းထုတ်မယ်။
အေးအေးဆေးဆေးနဲ့ လူကိုလူလိုဆက်ဆံတတ်တယ်။ သူဟာ ပညာတတ်အရာရှိ
တယောက်ဖြစ်နိုင်တယ်လို့မမြင်ရပေမဲ့ စိတ်ထဲခန့်မှန်းမိတယ်။ ကြာတော့ ဒုက္ခရောက်ပြီဆိုရင်
သူ့ကို မျော်တတ်တဲ့စိတ်က အလိုလို ၀င်လာတယ်။

  စစ်ကြောရေးဝင်တိုင်း မျက်နှာဖုံး ခေါင်းစွတ်ကြီးကိုချွတ်မပေးဘူး။တခါတလေ ခေါင်းစွတ်ကြီး
ချွတ်ပေးပေမဲ့ စူးရှတဲ့ မီးလုံးကြီးက မျက်နှာတည့်တည့် စလိုက်ထိုးထားတာကြောင့်မီးနောက်က
မေးခွန်းပိုင်ရှင်တွေမျက်နှာကို အရိပ်တွေလိုဘဲ မြင်ရတယ်။ တောင်စဉ်ရေမရ၊ အဓိပ္ပါယ်မရှိတဲ့မေး
ခွန်းတွေကို ခဏခဏ ဖြေနေရတာ ပင်ပမ်းလွန်းပြီ။ လုပ်ဖော်ကိုင်ဖက်တွေ မထိခိုက်စေဖို့မေးခွန်းနဲ့
လိုက်လျောညီထွေအောင် လှည့်ပတ်လုပ်ကြံ ဖြေနေရတဲ့ အဖြေတွေလည်း ကြာတော့ ရှေ့နောက်
မညီဖြစ်မှာစိုးရိမ်ရတယ်။ရေငတ်တဲ့ဒါဏ်ကြောင့် လည်ချောင်းတခုလုံး မီးခဲတွေ တစ်ဆို့နေသလို
ပူလောင်ပြီး စူးစူးရှရှခံစားနေရတယ်။

 တယောက်တပေါက်အစီအစဉ်မကျတဲ့ မေးခွန်းတွေ အတန်ကြာအောင်ဖြေပြီးတဲ့နောက်
တံခါးဖွင့်သံကြားလိုက်တယ်။“ ဟေ..မင်းတို့သူ့ကို အဲလိုကြီးမတ်တပ်ရပ်ခိုင်းထားတာလား၊
ထိုင်စရာတောင်မပေးပြန်ဘူးလား..အတော်ခက်ပါလား၊သွား..ဟိုထိုင်ခုံယူခဲ့” ကျနော့ဆုတောင်းပြည့်
သွားတယ်။ ကျနော်မျှော်နေတဲ့ အသံရှင်ရောက်လာပြီ။မျက်နှာဖုံး စွတ်အောက်က ကျနော့မျက်နှာ
လည်း ၀င်းကနဲ ဖြစ်သွားမယ်ထင်တယ်။ စိတ်ထဲ အတော်လုံခြုံသလိုလိုခွန်အားပြည့်လာသလိုလို
ခံစားလိုက်ရတယ်။ “ ထိုင်ညီလေး..အဲဒီမှာထိုင်” ကျနော်ခြေပြစ်လက်ပြစ်ထိုင်ချလိုက်တယ်၊
ဘ၀မှာ ထိုင်ခုံနဲ့ထိုင်ရတာ အတော်အရသာရှိမှန်း အဲဒီကျမှ သေချာခံစားဖူးတော့တယ်။
“ ဘာသောက်ချင်လဲ..ရေသောက်ချင်လားညီလေး” သူဟာ ကျနော်ခံစားနေရတဲ့ ဝေဒနာကို
ကြိုတွေးမိပုံရတယ်၊ကျနော်ခတ်မြန်မြန်ခေါင်းငြိမ့်လိုက်တယ်။ “ ဟေ့..ဟေ့..ရေတခွက်သွား
ခတ်ကွာ၊ မြန်မြန်လေး”  ကျနော်ရေအေးအေးတခွက်ကို ပိုပြီး သောက်ချင်စိတ်ပြင်းပျလာတယ်
၊ကျနော့လည်ချောင်းတပြင်လုံး အစောကထက် ပိုပြီး ပူလောင်လာသလိုဘဲ။ “ရပြီလား..
သူ့ကိုတိုက်လိုက်ကွာ..”

 

“ခေါင်းမော့..” အမိန့်ဆန်နေပေမဲ့ ကျနော် ခေါင်းမော့ပြီး ပါးစပ်ကို အစွမ်းကုန်ဟလိုက်တယ်။
လက်နှစ်ဘက် နောက်ပြန်ချီထားတဲ့ ကြိုးကိုတော့သူတို့ ဖြီမပေးဘူး။ “နည်းနည်းထပ်မော့”
|ကျနော်နှုတ်ခမ်းကို လျှာနဲ့သပ်ပြီး ထပ်မော့ပေးတယ်၊ ဒါန်ခွက်အေးအေးရဲ့အထိအတွေ့ကို
နှုတ်ခမ်းကရလိုက်တယ်၊ ဒါပေမဲ့ ရေအေးအေးတော့ ကျမလာသေးဘူး၊ ကျနော် တံတွေးတ
ချက်မြိုပြီး ထပ်မော့ပေးတယ်။“ မော့..မော့”  ကျနော်လည်း မျက်နှာကို အသေအချာထပ်မော့ပေးတယ်
၊အေးစက်စက်ရေရဲ့အရသာကို ပိုပြီးလိုချင်နေတယ်၊ ဒါပေမဲ့ ရေတစက်မှကျမလာ..။ နှုတ်ခမ်းကို
လျှာနဲ့ပြန်သိမ်းတယ်၊ ပြန်မော့တယ်၊ မော့လွန်းလို့ လည်ဂုတ်တောင်ညောင်းနေပြီ၊ သူငှဲ့ပေးတဲ့
ခွက်ထဲကရေရဲ့ အရသာကို လုံးဝမရ။ 

 

ရုတ်တရက်ကြီးအခန်းထဲကလူတွေအားလုံးရဲ့ ခွက်ထိုးခွက်လန် ရယ်မောသံကြီးညံထွက်လာတယ်၊။
ကျနော်ရုတ်တရက်ကြောင်သွားတယ်၊ချက်ချင်းသဘောပေါက်လိုက်ပြီ။ ဒီကောင်တွေငါ့ကိုညာတာပဲ..။
“ မင်းလိုအကောင်ကို ငါက ရေတိုက်ရမတဲ့လား..ဟားဟား.ဟား..” ရယ်မောဟားတိုက်သံတွေက
ပိုညံလာတယ်။ဒီထဲမှာ သိသာတဲ့ရယ်သံတခုကကိုအကျယ်ဆုံး ကြားရတယ်။  သေချာတယ်၊
အဲဒီလူရဲ့အသံပဲ။ကျနော့ရဲ့ မျော်လင့်အားထားရာပုဂိုလ်ရဲ့အသံ၊ မဟာဂရုဏာရှင်ရဲ့အသံ။ ကျနော့်ကို
ခွန်အားပေးတဲ့အသံ..သူ့အသံက အကျယ်ဆုံးပဲ..။ ကျနော့ ရင်တပြင်လုံး မီးစတွေ ထိုးထည့်လိုက်သ
လို ပူထူ နာကျင်သွားတယ်။  အော်..ဒင်းတို့က ဒီလိုကိုး..။ ကျောချမှ ဓါးပြမှန်းသိလိုက်ရတဲ့ဘ၀..။

 

 

သူရိန် (၁၉၉၃-နိုဝင်ဘာ)

 

ကျနော်ကကေအန်န်ယူ တပ်မဟာ(၄)မှာ တာဝန်ထမ်းနေတာ။ တနင်္သာရီတိုင်း ဘိတ်ထားဝယ်ခရိုင်မှာပေါ့။
ကျနော်တို့ABSDF ကျောင်းသားတပ်တွေက DAB ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစုရဲ့ အစီအစဉ်နဲ့ တနင်္သာရီတိုင်းကိုစစ်ကြောင်းထိုးတဲ့အချိန်ပေါ့..။ကျနော်တို့ရွာထဲဆင်းတော့  တပ်မတော်စစ်ကြောင်းက
ဆုတ်သွားပြီ။ သကျက်ရွာတဲ့ဗျ။ရွာလည်း ခြောက်ကပ် တိတ်ဆိတ်ပြီး ခွေးဟောင်သံလောက်ပဲကြားရတယ်။
ခါတိုင်းလို ကြက်တွန်သံတွေခလေးငိုသံတွေတောင်မကြားရဘူး။ ရုတ်စွအဆုံး ပဇင်းရင်ကွဲတွေရဲ့ တကျီ
ကျီအော်သံစူးစူး တောင်မကြားရဘူး။အဲလောက်အထိ တိတ်ဆိတ်တယ်။

 

နောက်မှသိရတာ တရွာလုံး အိုးအိမ်တွေဒီအတိုင်းပြစ်ပြီး ပြေးတာကိုးဗျ..။ တကယ်ပဲဗျာ..ကြက်တွေ၊
ဝက်တွေလည်း တကောင်တမြီးမှ မရှိဘူး၊  ကျနော်တို့ကိုကျောင်းသားနဲ့ မဟာမိတ်တပ်တွေမှန်းသိတော့ သိပ်မကြာခင် ရွာသားတချို့ တောစပ်မှာပုန်းနေရာကပြန်ထွက်လာတယ်။ မိန်းမတွေဆို ငိုလိုက်တာဗျာ..။ သူတို့အိမ်မှာမွေးထားတဲ့ ၀က်တွေ၊ ကြက်တွေအကုန်ဆွဲသွားတာ..။ခလရ(၄)ပေါ့ဗျာ..။ ရွာကသေးသေးပါ၊ ဒါပေမဲ့ အိမ်တချို့ မီးရှို့ခံရသေးတယ်။ ကုန်တာပဲ။

 

     နောက်လအတော်ကြာတော့အဲဒီ ခလရ(၄)က ရှမ်းပြည်ဘက်ရောက်သွားတယ်။
အဲဒီ ဒေသခံတွေပြောတာ..တော်တော် သဘောကောင်းတဲ့တပ်တဲ့..။သူတို့ဖာသာ အေးအေးဆေးနေတယ်၊
ဘယ်သူမှကို ရန်မမူဘူး၊ ရွာထဲ ရေတွင်းတောင်ဖော်ပေးလိုက်သေးတယ်။အတော် လည်း
ဟန်ဆောင်ကောင်းတဲ့ တပ်တွေဗျာ..။ အဲဒီကျမှ ကျနော်လည်း သဘောပေါက်သွားတာ၊
ဒီကောင်တွေကဘယ်နေရာဆို အပြတ်သောင်းကျန်းရမယ်၊ ဘယ်ဒေသရောက်ပြီဆိုရင်
ကျိုးနွှံနေရမယ်။ ရွာကို လက်ဖျားနဲ့တောင်မတို့ရဘူး၊အဲလိုဗျူဟာတွေ ရှိတာကိုးဗျ..။ အဲ..အဲဒီ
လိမ္မာတဲ့တပ် ပြန်ခေါက်သွားပြီး နောက်တနေရာရောက်သွားပြီဆိုရင်ဘီလူးသရဲ စီးပြီးသာမှတ်။
ဝေသာလီပြည် ဘီလူးဝင်တယ်ဆိုတာ အသေးအမွှားအကင်းပဲ.။ သူတို့ကမှတကယ့်ဘီလူးတွေ။
သိပ်ဟန်ဆောင်ကောင်းတယ်။ ဒီနေရာတစ်မျိုး..ဟိုနေရာတမျိုး….။

သမတဦးသိန်းစိန်(၂၀၁၀- ၂၀၁၄)

“အကြောင်းအမျိုးမျိုးကြောင်း နိုင်ငံပြင်ပ ရောက်နေသူတွေကို ပြန်လည်ဖိတ်ခေါ်ပါတယ်။

တည်ဆဲဥပဒေများနဲ့အညီ ပြစ်မှု ကျူးလွန်မှုမရှိဖူးဆိုရင် အရေးယူဆောင်ရွက်မှာ မဟုတ်ပါဘူး”

 “သေနပ်တွေနေရာမှာ ကွန်ပြူတာလက်ပ်တော့ပ် အစားထိုးရတော့မှာပါ”

 “ကျနော့သမတ ရာထူး သက်တမ်းကာလအတွင်း ဒီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားမှာပါ”

 “မိဘပြည်သူလူထုကတောင်းဆိုမယ်ဆိုရင် ဆက်လက်တာဝန်ထမ်းသွားမှာပါ”

 “အရက်အစား နွားနို့သောက်ကြပါ”

…………….

ပြီးပါပြီ.။

ကိုညို.။

Advertisements

One response to “မိုးအေး၊ သူရိန် နဲ့ သမတ ဦးသိန်းစိန်……… ကိုညို။

  1. Pingback: Myanmar Latest News » မိုးအေး၊ သူရိန် နဲ့ သမတ ဦးသိန်းစိန်……… ကိုညို။·

Comments are closed.