ဆဲဗင်းဂျူလိုင်ရဲ့ အနှစ်သာရဆိုတာ

လင်းထင် –  ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်ကို အခုလိုနှစ်မျိုးမှာ ပိုလို့တောင် အထူးသဖြင့် သဘောထားပြီး

လွန်ခဲ့တဲ့ ရာစုနှစ်ဝက်က ဖြစ်ရပ်ဆိုးအပေါ် သမိုင်းနီတိထုက် ပြန်ပြောင်းဆင်ခြင် နှလုံးသွင်းသင့်တယ်။
ဘာဖြစ်လို့လဲ။ အနှစ်ငါးဆယ်ပြည့် ဘာရတု ညာရတုမို့လို့လား။ မဟုတ်ဘူး။ ဆဲဗင်းဂျူလိုင်ရဲ့
အနှစ်သာရကိုက ကျောင်းသားတွေ အသတ်ခံရ တကသအဆောက်အဦ မိုင်းခွဲအဖြိုခံရခြင်း ဆိုတဲ့
အောက်မေ့ဖွယ် သွေးစွန်းသော နှစ်ပတ်လည်နေ့တစ်ခု အဖြစ်ထက် များစွာပိုတယ်။

စစ်အာဏာရှင်စံနစ်ကို ဘယ်လိုအသွင်ပြောင်း ပုံဖော်သည်ဖြစ်စေ၊ စစ်တပ်ရဲ့ ပုံ့ပုံ့ပွပွ ဆေးသကြား
ချိုရဲရဲ နိုင်ငံရေးအာတာပူစီ ဘယ်လိုဟစ်ကြွေးသံတွေ ခြုံလွှမ်းဝါဒ ဖြန့်ထားသည်ဖြစ်စေ၊ စစ်တပ်က
အာဏာ၃ရပ်ကို ချူပ်ကိုင်အပိုင်သိမ်းပြီး စစ်ကျွန်လက်အောက် အသွပ်သွင်းခံရခြင်း ပြည်သူ့ဒီမိုကရေစီ
ဆိတ်သုဉ်းရခြင်းအပေါ် ဆဲဗင်းဂျူလိုင် ဖြစ်ရပ်နဲ့ ကျောင်းသား လှုပ်ရှားမှု နောက်ခံဖြစ်ရပ်တွေဟာ
အလွန်ပြတ်သားခိုင်မာစွာ အကြွင်းမဲ့ ဆန့်ကျင်တော်လှန်သော နိုင်ငံရေးအဘိဓမ္မာကို သယ်ဆောင်ထားတဲ့
အထိမ်းအမှတ် ဖြစ်တယ်။ ဗမာပြည် ကျောင်းသားနိုင်ငံရေး အစဉ်အဆက် လှုပ်ရှားမှုရဲ့ မသွေဖီ မဖောက်ပြန်
မယိမ်းယိုင်ခြင်း နိုင်ငံရေးအယူ ပီပြင်ကြည်လင် ခိုင်မာမှုရဲ့ သာဓကလည်းဖြစ်တယ်။

၆၂ မတ်လ စစ်တပ်ရဲ့ အာဏာသိမ်းပွဲဟာ အဟန့်အတား ခုခံအံတုမှု မကြုံရတဲ့ သွေးမဲ့နီးပါး စစ်အာဏာ
သိမ်းမှု ဖြစ်ခဲ့တယ်။ စစ်တပ်ဟာ ဗမာနိုင်ငံရေးရဲ့ ပင်မရေစီး လက်ဝဲနိုင်ငံရေး အရေခြုံကာ ဆိုရှယ်လစ်တော်
လှန်ရေးအသွင် ယူထားသမို့၊ ဖဆဆိုရှယ်တည်မြဲက တပ်တွင်းဆိုရှယ်လစ်တွေ အားကိုးနဲ့ သူတို့လက်ထဲပဲ
တပ်က အာဏာလွှဲပေးမယ့်သယောင်၊ ပမညတတပ်ပေါင်းစုဆိုလည်း အစကတည်းက နေ၀င်းကို အာဏာ
သိမ်းဖို့ ကပ်တွန်းခဲ့တဲ့ အချောင်သမာတွေ.. သဘောတရားရေး ဆရာကြီးလုပ်ပြီး နေ၀င်းအာဏာသိမ်းခြင်း
ကနေ အမြတ်ထုတ် ဆိုရှယ်လစ် ဆင်စွယ်နန်းပေါ် အခန့်သား တက်လို့ရမယ် မှတ်တဲ့သူတွေ…၊ မြေပေါ်နိုင်
ငံရေးသမားတို့ ကိုယ်စီ နိုင်ငံရေး ဖောက်ပြန်ပြီး လေထဲတိုက်အိမ် ဆောက်မိကြတာ ချည်းပဲ။ အဓိက အမှား
က စစ်တပ်ကအာဏာသိမ်းတာကို စစ်တပ်ကအာဏာသိမ်းတာလို့ တည့်တည့်မမြင်၊ နိုင်ငံရေး
အချောင်လိုင်းလိုက် ဖောက်ပြန်ကြတာပဲ။

စစ်အာဏာသိမ်းခြင်းဆိုတဲ့ ဒီလောက် အခြေခံကစ လွဲမှားတဲ့ ဖြစ်ရပ်အပေါ် ပေါ်ထင်စွာ မဆန့်ကျင်၊ ကိုယ်စီ
နေရာဝင်ယူမယ့် အချောင်သမား အတွေးအခေါ် ဖြစ်ထွန်းကာ ကိုယ့်နိုင်ငံရေးအပေါ် ကိုယ်သစ္စာမဲ့ရခြင်းအပေါ်
အထောက်အမတ်ပြုဖို့ရာ ဘယ်ပုံ နိုင်ငံရေးအမြင် အကြံအယူတွေ တည်ဆောက်ပြပြ၊ တကယ်တမ်းကြ
စစ်တပ်ကို ဒူးညွတ်ဦးကျိုး ပြန်မလှန်ရဲတဲ့ စိတ်အခံကို ဖုန်းကွယ်ခြင်းကလွဲပြီး တခြားအရာ မဟုတ်ဘူး။
ရှင်းအောင်ပြောရရင် စစ်တပ်ကို ကြောက်လို့ပဲ။

၆၂ အာဏာသိမ်းတာကို ထောက်ခံပါတယ် စာထုတ်တဲ့ ဗကသဥက္ကဌ ခင်မောင်အုန်းကို ချက်ခြင်းဖယ်ရှား၊
ဗကသဥက္ကဌကိုသက် တကသဥက္ကဌ ဗဆွေလေးတို့ ဦးဆောင်မှုနဲ့ စစ်တပ်အာဏာသိမ်းခြင်းကို ပေါ်ထင်စွာ
ဆန့်ကျင်ပြခြင်းဟာ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ ကျောင်းသားသမဂ္ဂရဲ့ ပါဝင်ပတ်သက် ရပ်တည်မှုရဲ့
အဆင့်အတန်းကို မှတ်ကျောက်တင်လိုက်တာပဲ။

ဆဲဗင်းဂျူလိုင်ဟာ ဒီလို ကျောင်းသားသမဂ္ဂ နိုင်ငံရေး ရပ်တည်မှုရဲ့ နောက်ဆက်တွဲ ဖြစ်ရပ် တစ်ခုတင်မက၊
စစ်တပ်ရဲ့ ဗမာပြည် ပညာရေးကို တိုက်ရိုက်စွက်ဖက် ဖျက်ဆီးခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်လည်း ဖြစ်တယ်။
တက္ကသိုလ်အက်ဥပဒေများ အာဏာသိမ်း စစ်ဦးဘီလူးရဲ့ အဖျက်ခံရ၊ တက္ကသိုလ်ရဲ့ လွတ်လပ်သော ကိုယ်ပိုင်အုပ်
ချူပ်ခွင့်ကို အဖျက်ခံရ၊ ကျောင်းသား အခွင့်အရေးကို တိုက်ရိုက်အထိပါးခံရသမို့ ဗမာပြည်ပညာရေး ပျက်စီးခြင်းအစ
ကို သွေးနဲ့ရင်း ဆန့်ကျင်ပြရခဲ့တာမျိုးလည်း ဖြစ်တယ်။ ဒီတော့ ဆဲဗင်းဂျူလိုင်ဆိုတာ စစ်တပ်က တကသအဆောက်
အဦကြီးထဲ ဗမာပြည်နိုင်ငံရေးနဲ့ ပညာရေးကို ထည့်သွင့်ပြီး ဖြိုချပြစ်လိုက်တာမျိုးလို့ ပြောရင် မမှားဘူး။၊ အခုထိ
နလံမထူနိုင်တော့ဘူး။

ပြင်ပ ရုပ်ဝတ္ထုပစ္စည်းကိုသာ ဖျက်ဆီးလို့ရမယ် စိတ်ဓာတ်ကိုတော့ မဖျက်ဆီးနိုင်ဘူးလို့ ပြောသံဆိုသံတွေကြောင့်
ဒီစာကို အဓိကရေးရတယ်။ စစ်တပ်က မဖျက်ဆီးနိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ဆိုတာကို ကြားကောင်းရုံ၊ ကြားတုန်းခဏတော့
စိတ်ထဲတက်ကြွသလိုလို ဖိန်းတိန်းတိန်း ရှိန်းတိန်းတိန်းဖြစ်သလိုလို ဒြပ်မဲ့အခြေအနေ ဒီအတိုင်း ပစ်ထားလို့ မရဘူး။
အဓိပ္ပာယ်အတိအကျ ဖွင့်ရလိမ့်မယ်။ ဒီတော့ ဆဲဗင်းဂျူလိုင်ရဲ့ အနှစ်သာရကို တစ်ခွန်းတည်း အရှင်းဆုံးပြောရရင်
စစ်တပ်က အာဏာသိမ်းတာကို စစ်တပ်ကအာဏာသိမ်းတာလို့ တိတိကျကျ မသွေမဖီ မျက်မှောက်ပြုခြင်းမျိုးနဲ့
ခွေးကတက်နိုင်ငံရေးဘ၀ မသက်ဆင်းခြင်းပဲ။ ဒီအနှစ်သာရကို အခုနှစ် ပိုနှလုံးသွင်းရမယ်ဆိုတာ စစ်အာဏာ
ရှင်စံနစ်ဟာ မြွေများအရေခွံအသစ် လဲသည့်နှယ် ဒီမိုကရေစီဝတ်ရုံကျပ်ချွတ်နဲ့မို့ ဖြစ်တယ်။

၆၂ကာလတုန်းကလိုပဲ မြေပေါ်နိုင်ငံရေးသမားများ ယောင်တောင်ကန်းတန်း လုပ်နေကြပြန်ပြီ၊ ဆင်စွယ်
နန်းနိုင်ငံရေးအိမ်မက် မက်နေကြပြန်ပြီ။ မျက်မှောက်ကာလဟာ ၆၂နိုင်ငံရေးအဆင့်အတန်း ၇၄နိုင်
ငံရေးအဆင့်အတန်းနဲ့ ဘာမှမထူးဘူး။ စစ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ လူတွေရဲ့ဘ၀တွေကို ချနင်း
စတေးပြီး ဇွတ်တင်းအဓမ္မ ဖော်ဆောင်ရတာမို့ စစ်ဖွဲ့စည်းပုံ အသက်ဝင် ချိန်မှာ ကျောမွဲတွေ အကြပ်အတည်း
အဆင်းရဲဆုံးကာလနဲ့ တိုက်ဆိုင်ကာ လယ်သမား အလုပ်သမား ကျောင်းသားတို့ ထကြွ ကြတာနဲ့ ကြုံရတာပဲ။

၆၀ကျော်ကာလ ၇၀ကျော်ကာလနဲ့ အခု ၂၀၀၈ဖွဲ့စည်ပုံ အသက်ဝင်တဲ့အချိန်အခါသမယ စစ်တပ်က
နိုင်ငံရေးကို ပိုင်ပိုင်နိုင်နိုင် ထိန်းချူပ်ထားနိုင်သယောင်ကာလမှာ တိုင်းပြည်နေရာအနှံ့ အခြေခံလိုအပ်ချက်ကိုယ်စီနဲ
့ ပွက်ပွက်ဆူကြတာ ဘယ်ဆန်းမလဲ။ ပွက်ပွက်ဆူမှု လမ်းပ်ါရောက်လို့ နိုင်ငံရေးနောက်ကြောင်း ပြန်လှည့်မှာလား၊
လူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည်းစည်းပေးဖို့ ဦးတည်တဲ့ နိုင်ငံရေးအာမခံချက်မျိုး ကင်းမဲ့နေသမို့သာ
ပွက်ပွက်ဆူမှု လမ်းပ်ါရောက်ရတာလားဆိုတာ ကြပ်ကြပ် ဆင်ခြင်ကြည့်ကြစေချင်တယ်။ ဗမာနိုင်ငံရေးကို
သုံးသပ်တိုင်း စစ်အာဏာအသိမ်းခံရမှုကို ဆဲဗင်းဂျူလိုင်မျိုးဆက်တွေ ရှင်းရှင်းသဘောပေါက် မျက်မှောက်ပြုသည့်သဖွယ်
ကိုယ်စီမျက်မှောက်ပြုကြပြီး၊ အနှစ်ငါးဆယ် ကိုယ်တွေ့ ကျောနဲ့ရင်း ခံခဲ့ရတဲ့ စစ်အရင်းရှင်စံနစ် လက်သည်
ကို မျက်ခြေမပြတ်ဖို့ အရေးကြီးဆုံးပဲ။

ဒီမိုကရေစီအရေခွံလဲ စစ်အရင်းရှင်စံနစ်ကို အသိအမှတ်ပြု တရားဝင်မှု ပေးခြင်း လမ်းကြောင်းကသာ အသင့်အလျော်ဆုံး
သူမနာကိုယ်မနာအဖြစ်ဆုံး တိုင်းပြည်တိုးတက်ဖို့ရာ အဖြစ်ဆုံးဆိုတဲ့ လက်တွေ့အလုပ်ဖြစ်ဝါဒ အစစ်အမှန်
တကယ်တမ်းရော ဟုတ်ရဲ့လား။ ဒီဌဓမ္မဖြစ်ရပ်အမှန်ကို လျစ်လျူရှူခြင်း စစ်တပ်ကြောက်ရောဂါ ဒူးထောက်ခြင်း
သွင်ပြင်လက္ခဏာသာဖြစ်ပြီး၊ စိတ်ကူးအယဉ်ဆုံး အဖောက်ပြန်ဆုံးပဲ။ စစ်အရင်းရှင်ယန္တယားအတွက်သာ
လက်တွေ့အလုပ်ဖြစ်၊ အနှစ်ငါးဆယ် စစ်တရားခံ ဘ၀ကနေ ပြုပြင်ပြောင်လဲရေး မိုးကျရွှေကိုယ်တွေဖြစ်ကုန်တယ် မဟုတ်လား။

စစ်အာဏာသိမ်းတိုင်း ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ စစ်တပ်ရဲ့လက်သုံး အကြောင်းပြချက်
တည်ဆောက်ပြရာ စကားလုံးတွေပဲ၊ အဆန်းမဟုတ်။ ဒါကို ရူးလ်အော့ဖ်လောလို့ အင်္ဂလိပ်လို ပြောင်းသုံးရုံနဲ့ အနှစ်သာရက
တပါတည်း ယှဉ်တွဲဖြစ်ထွန်းလာရိုးလား။ ကိုယ်စားပြုနိုင်ငံရေး မဖွံ့ဖြိုး မရင့်မှည့်ခင် ကာလမှာ၊ ကိုယ့်ကြမ္မာ ကိုယ်စီရင်ခွင့်
ရှိလာအောင် နိုင်ငံသားများ နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင် စွက်ဖက်ခြင်းမျိုးနဲ့ အနှစ်သာရရှိတဲ့ အပြောင်းအလဲ ဖော်ဆောင်ဖို
့ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်တောင်းဆို တိုက်ပွဲဝင်ထိုက်တယ်မဟုတ်လား။

စစ်လွှတ်တော်အတွင်းက နိုင်ငံရေးကိုသာ အထိအခိုက်မခံ ပိုးမွေးသလို မွေးပါမှ အပြောင်းအလဲဆီ ဦးတည်နိုင်မယ်ဆိုတဲ့
အတွေးအမြင်ဟာ ဆဲဗင်းဂျူလိုင်စိတ်ဓာတ်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။ အခြေခံဥပဒေကို ပြင်မယ်ဆိုသူတွေ အခြေ
ခံဥပဒေကြိုးနဲ့ အချည်ခံပြီး နိုင်ငံရေးသေချိန်မှာ စစ်တပ်သတ်လို့မရတာ လူထုနိုင်ငံရေးပဲဆိုတာ မြဲမြဲမှတ်ကြစေချင်တယ်။
ဒီမိုပျားရည်စမ်းကာလအလွန် ကျားဥပုသ်စောင်တဲ့ရာသီ ကုန်ချိန်မှာတော့ အာဏာကိုထိပါးပြီဆို သည်းညည်းမခံတဲ့ စစ်ဗီဇကို၊
နိုင်ငံရေးသမားထက် ကဗျာရေးတဲ့ကျောင်းသားကို ပိုအငြိုးကြီးတဲ့ စစ်သရုပ်သကန် ရုပ်အမှန်ကို ၂၀၁၂ ဆဲဗင်းဂျူလိုင်မှာ စတင်တွေ့နေရပြီပဲ။

ရူးချင်ယောင် အဆောင်လွန်နေတဲ့ အတိတ်မေ့ သမိုင်းမေ့ လွှတ်တော်တက် နိုင်ငံရေးသမားများအတွက် မဟုတ်၊ ကိုယ့်
အခွင့်အရေးအတွက် ကိုယ်ရည်မှန်းပြီးသာ လွှတ်တော်ထဲမှာ နိုင်ငံရေးမရှိ၊ လယ်ကွင်းထဲ စက်ရုံထဲ ကျောင်းဝင်းထဲ
လူကြားထဲနဲ့ လမ်းပေါ်မှာသာ နိုင်ငံရေးရှိကြောင်းကို ဆဲဗင်းဂျူလိုင် အနှစ်သာရအပေါ် ဆင်ခြင်ရင်း နိုင်ငံရေး မျက်စေ့မလည်
တောမမှောက်ခြင်း ဂုဏ်ရောင် မြောက်ကြပါစို့။

လင်းထင် ရေး သား သည့် အတွေး အမြင် ဆောင်းပါး ကို လင်းထင် ၏ Facebook မှ ကူးယူ ဖော် ပြ ပါသည်။

Advertisements